တစ်ခန်းရပ်ခဲ့တဲ့ ဒီရပ်ဝန်း

 

နှလုံးသွေးကြောလေးတွေထဲ နစ်မြုပ်နေပါလို့

ကိုယ့်အတ္တကိုယ် အရေဆုတ်ကြည့်ဖို့တော့

သေသွားမှပဲ ဖြစ်မယ်လေ … …

ခံတွင်းပျက်နေတဲ့ ခံစားချက်တွေနဲ့

အရသာခံကြည့်ဖို့ အကြိမ်ကြိမ် ကြိုးစားနေလည်း

အစပ်အဟပ်မှ မတည့်ဘဲ … …

ရောင့်ရဲခြင်းမှာ ရပ်တန့်နေချင်ပေမယ့်

အထိန်းကွပ်မဲ့ လွင့်မျောနေရင်း ငါဟာ ငါနဲ့ ပိုပိုနီးလာတယ် … …

မပွင့်တပွင့် တောင့်တမိတော့

အော်ဟစ်ရုန်းကြွ ပွင့်ထွက်လာတဲ့အသံ

“ခင်ဗျား ကြားနေကျ စကားလုံးတွေလား …

ဝမ်းနည်းပါတယ်ဗျာ ကျုပ်ရဲ့ ဗလောင်ဆူနေတဲ့

အခန်းလေးခန်းစလုံး နှံ့နေပြီ .. မရှိဘူးဗျ” …

မရေရာတဲ့ ရသတွေနဲ့

အထက်ကို သတင်းပို့လိုက်သတဲ့

မဆိုင်းမတွ တုံ့ပြန်လာတယ်

“စိတ်မကောင်းပါဘူး

မင်း အချက်အလက်တွေ မပြည့်စုံသေးဘူး”

ပြောခဲ့ကြတယ် .. ပြောနေကြတုန်းပဲ

ဘယ်အချိန်ထိများ ပြောနေကြဦးမလဲ … …

ပြောတိုင်းလည်း မသိ … ကြားတိုင်းလည်း မရှိနိုင်တဲ့

ဒီဝါကျကိုမှ လက်တွေ့ခန်းထဲမှာ ခွဲစိတ်မိခဲ့တော့

ချုပ်ရိုးလေးတွေ ဗလပွနဲ့ ထွက်ပြေးပုန်းရှောင်သွားလေရဲ့ …

ငတ်မွတ်နေတဲ့ ဒီစကားလုံးလေး

ပေါရာဏ ဝေါဟာရ မဟုတ်ပါဘဲ

အဓိပ္ပါယ်ရဲ့ အနက်ကို ထောက်မမီနိုင်လေတော့

ဂါရ၀တရားတွေနဲ့ လာခစားနေလည်း

ကာလများ ဝေးနေသေးလို့ ခွင့်ပြုပါဦး … …

ငါ့ရှေ့ မှောက်ကျလာတဲ့ အလင်္ကာလေးတွေ

ဖမ်းဆုပ်မနိုင်ခင်မှာဘဲ အငွေ့ပျံသွားကြလွန်းလို့

ဒီရပ်ဝန်းလေးကို တစ်ခန်းရပ်စို့ …

ဆုံတွေ့ခွင့်များ ထပ်ရှိခဲ့ရင်

စက္ကန့်လေးတွေ စောင့်ပေးစေချင်

လှလှပပ လွတ်မြောက်သွားကြမယ့်

သဏ္ဍာန်လေးတွေ မျက်စေ့တဆုံး

ကြည့်ပါရစေလား … … ။                   ။

 

မေခက်ဆူး

(26-08-2011)

10:27PM

Advertisements

အချစ်လို့ဆိုမလား

ပီဘိကြည်နူးခြင်းတွေနဲ့ ငုံ့ကြည့်နေတဲ့

ကောင်းကင်ကြီးရဲ့ အောက်မှာ

လေပြေလေးတွေ ကလူကျီစယ် တိုက်ခတ်လို့

သစ်ရွက်ကလေးတွေ ခိုးခိုးခစ်ခစ် ရယ်နေကြလေရဲ့ .. ..

 

တံခါးလေး ပိတ်မယ်ကြံတုန်း

အပြင်မှာ အသာရပ်ကြည့်နေတဲ့ သူတစ်ယောက်

ဧည့်သည်မဟုတ် အိမ်ရှင့်အကြည့်တွေနဲ့

ငါ့နှုတ်ခမ်းတွေ သော့ခတ်ထားပေမယ့်

စိတ်ဝိညာဉ်တို့ ယိမ်းနွဲ့ကခုန်လို့ .. ..

 

ငါတံခါးပိတ်တော့မယ် .. နင်ဝင်လာမှာလား

ဟင့်အင်း .. သူဝင်မလာပါဘူး ရပ်မြဲတိုင်းရပ်ဆဲ

ငါကကော .. .. .. တံခါးပိတ်ဖြစ်ရဲ့လား

ဟင့်အင်း .. စေ့ထားရုံလေးပါ

တံခါးလေးတစ်ချပ်ပဲ .. သည်တံခါးလေးပေါ့

နင်ဝင်လာဖို့ ဖြစ်နိုင်သလို ငါထွက်သွားဖို့လည်း ဖြစ်နိုင်တယ်လေ … … ။        ။

 

 

မေခက်ဆူး

20/08/2011

6:00 PM

သူ့အရိပ်အောက်မှာ နင်နဲ့ငါ

စက္ကန့်တစ်ဝက်

အကြည့်တစ်ချက်

တရှိုက်မက်မက်

ရင်ကိုလှိုက်ခတ်

ငါ့မှာ ရူးမတတ် … …

ကောင်မလေးရေ … အရောင်မဲ့နေတဲ့ ငါ့ဘ၀ထဲ ဆိုးဆေးတွေ သွန်မှောက်ပစ်ခဲ့မယ်ဆိုလည်း ငါဆိုတဲ့ကောင်က စွန်းထင်းသွားတဲ့နေရာတွေကို အမြတ်တနိုး နမ်းရှိုက်မိနေဦးမှာပါကွာ … … ။

“ဟေ့ရောင် လင်းထက် မင်းမျက်နှာကြီးကလေ ပေါင်မုန့်ကို ဖနောင့်နဲ့ ပေါက်ပြီး ရွှံ့အိုင်ထဲ ကန်ထည့်ထားခံရတဲ့ ရုပ်မျိုးကြီးနဲ့ ဘာဖြစ်နေတာလဲ”

“မင်းတို့ လင်းလက်ကို တွေ့မိကြသေးလား”

“ဟာ … လင်းထက် မင်းကွာ … ဒီအဘွားအို ပေါက်စလေးကို တစ်ရက်မတွေ့ရတာနဲ့တင် အဲ့လောက်ဖြစ်နေရလားကွ ဈေးကျပါ့ကွာ သွားသွား ဝေးဝေးသွားခွေနေ ငါတို့ပါရောပြီးဈေးကျကုန်မယ်”

“အေးကွာ သူရပြောလည်း ပြောချင်စရာပဲ ကြီးတော်ကြီး ဆုံးသွားတုန်းကတောင် ဖဲဝိုင်းမှာပျော်နေတဲ့ကောင်က ဘယ်လိုဖြစ်ရတာလဲ”

သူရနဲ့ မြတ်မင်းတို့ ပြောလည်းပြောချင်စရာ … လင်းလက်ဆိုသည့် အဘွားအိုပေါက်စလေးကိုမှ တမ်းတမ်းစွဲဖြစ်နေသည့် ကျွန်တော့ကိုယ် ကျွန်တော့ပင် ငါမှဟုတ်ရဲ့လားလို့ တွေးနေမိသည်မှာ အခါခါ။ သူမနှင့် စဆုံတွေ့ခဲ့သည်မှာလည်း ဘာမှကြာလိမ့်ဦးမည် မဟုတ် … … …

“ဟာ … အလန်းလေးကွာ … ဟေ့ရောင် လင်းထက် မင်းတို့ E-Major က အလန်းလေးတွေတယ်ပေါပါလားကွ ကြာရင် ငါ့မျက်မှန် ပါဝါတိုးနိုင်တယ်”

“အေး ငမ်းတာကလည်း ငမ်းပေါ့ကွာ အောက်လေးဘာလေးလည်း ကြည့်ဦး ခွေးချေးပုံတက်နင်းမိနေမှဖြင့် မင်းကြောင့် ငါတို့ သင်္ချာသမားတွေ သိက္ခာကျမယ်”

“ဟေ့ရောင် မြတ်ကြီး ဘာမှကြီးကြီးကျယ်ကျယ်တွေ လေလုံးထွားမနေနဲ့ .. မင်းတို့ သင်္ချာသမားတွေက ဘယ်လောက်တောင် သိက္ခာရှိနေကြလို့လဲ .. မျက်မှန်ကြီးတွေတကားကားနဲ့ ကိန်းဂဏန်းတွေကြည့်ရလို့တော့ မဟုတ်ဘူး ငမ်းကြောထတာနဲ့တင် ကဏန်းတွေလိုပဲ တနေ့တခြား ပြူးပြူးထွက်လာကြပြီ မဟုတ်လား .. ..”

အဲ့ဒီ့အချိန်လေးမှာ ကိုယ့်ပိုင်နက်ထဲကျူးကျော်လာတဲ့ အလင်းရောင်ကလေး လက်ခနဲတစ်ချက် လှလှပပ လင်းသွားလိုက်ပုံများ … အဲ့တဒင်္ဂလေးမှာပါ ချစ်သူ … စက္ကန့်ဝက်လောက်တင်ရှိတဲ့ မင်းအကြည့်ထဲမှာပေါ့ … …

“ဟာ လင်းထက် ဘယ်လဲ .. ဆိုင်ကဟိုဘက်မှာလေ”

“ခဏကွာ မင်းတို့စားချင်ရင် အရင်သွားနှင့်ကြ”

“ငါတို့လည်း လိုက်မယ်လေကွာ”

“သဘောပဲကွာ”

“နေပါဦး လင်းထက် မင်း အခု ဘယ်သွားနေတာလဲ”

“ဟိုရှေ့က ပန်းနုရောင်လေး တွေ့လား .. သူ့နောက်လိုက်နေတာ”

“သေလိုက်ပါလားကွာ .. လင်းထက်ရာ အစားအသောက် အပျက်ခံလို့”

“အေးလေကွာ .. လိုက်တော့လည်း အဘွားအိုပေါက်စလေးကျနေတာပဲ ကြည့်ပါဦး ဒီလောက်အလန်းလေးတွေ ပေါတာတောင် ဒီပုံကိုမှ လိုက်ရတယ်လို့ မြတ်ကြီးပြောလည်း ပြောစရာ အစားအသောက်ပျက်ပါ့ကွာ”

“မင်းတို့ကလဲ လန်းမှချစ်ရမှာလားကွ .. ငါ့ဘယ်ဘက်ရင်အုံထဲကကောင် ပါသွားပြီကွာ အဲ့ဒါလိုက်ဖမ်းနေတာ”

“ဟေ .. လင်းထက် ဟုတ်မှလည်း လုပ်ပါကွာ မင်းဟာက မြန်လှချည်လားကွ”

ဟုတ်တယ်ကောင်မလေးရေ စက္ကန့်ဝက်လေးပါပဲကွာ .. ဒီလိုနဲ့ ငါ့နှလုံးသားက အလိုတူအလိုပါ မင်းခေါ်ဆောင်ရာနောက်ကို တကောက်ကောက် လိုက်နေမိတော့လည်း ငါဆိုတဲ့ကောင် မင်းမရှိတဲ့နေရာမှာ အသက်ရှုရမှာကိုတောင် ပင်ပန်းတယ်လို့ ခံစားရတာ မဆန်းပါဘူး … … ။

===== ===== =====

ငါ့ကောင်းကင်မှာပေါ့

အလင်းလဲ့လဲ့ အရောင်မဲ့ကာ

ခနဲ့တဲ့တဲ့ပြုံးနေကြတဲ့ ကြယ်ပွင့်လေးတွေ

တစ်ပွင့်ချင်းစီကြွေကျ ခယရာနေရာကို အလုအယက်

လိုက်ရှာနေကြရရှာတယ် … …

သူ့တစ်ယောက်တည်းကိုသာ ချစ်ခင်ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ သူမအဖို့ သူထားရစ်ခဲ့တဲ့နောက်ပိုင်း တစ်ယောက်တည်း အထီးကျန်ဆန်တဲ့ဘ၀နဲ့ ရပ်တည်နေခဲ့တာ သူသာသိနိုင်မည်ဆိုလျှင် အပြစ်ဆိုလေမည်လား … အချစ်ပိုလေမည်လား … … ။ အစ်ကိုသဖွယ်၊ သူငယ်ချင်းသဖွယ်၊ ချစ်သူသဖွယ် အသက်တမျှချစ်ခဲ့ရသောသူတစ်ယောက် ကိုယ့်ကိုစွန့်ခွါ ပြေးထွက်သွားခဲ့သည့်အတွက် စိတ်ဆိုးမိချင်သည်၊ နာကျည်းမိချင်သည်။ ရိုက်ခတ်လာတဲ့ ဝေဒနာတွေကို ချိုးနှိမ်ရင်း သူရှိရာနေရာသို့ သွားချင်ပါသေးသည်။ သူမ ပြုံးနေလျှင် လှိုက်လှဲစွာပြန်ပြုံးတတ်သည့် သူ့အပြုံးလေးတွေကိုလည်း မြင်ခွင့်ရချင်ပါသေးသည်။

“သမီး .. လင်းလက် ထတော့လေကွယ် ဘယ်အချိန်ရှိပြီလဲ”

“နိုးနေပါပြီ မေမေရဲ့ .. သမီး ဘုရားသွားမလို့ မေမေ”

အလှပဆုံး ပြင်ဆင်ပြီး ထွက်လာသည်ကို မှင်သက်အံ့သြစွာငေးကြည့်နေသော မေမေ့ကို ပြုံးနိုင်သည်ထက် ပြုံးပြရင်း အတတ်နိုင်ဆုံး ကွယ်ဝှက်ထားသည့်ကြားမှ မျက်ရည်စတစ်ချို့ကို မေမေများ မြင်သွားလေမလား …

“သမီး ဒီနေ့ ဘုရားက အပြန် ကိုကို့ကို ၀င်တွေ့ချင်တယ် မေမေ”

“သမီးရယ် … …”

မေမေ့ရဲ့ ဆို့နင့်ကြေကွဲနေသည့် အသံကို သူမ ထပ်၍မကြားလိုတော့ပါ … … သူမ ဒီနေ့ သူ့ကိုသွားတွေ့မည်မှာ ပျော်ရွှင်ခြင်းများနှင့်သာ ဖြစ်ချင်သည်။ ဖြစ်နိုင်လျှင် သူမရဲ့ အသိဥာဏ်တစ်ချို့ကိုပင် ပျက်ဆီးသွားအောင် လုပ်ပစ်ချင်ပါသေးသည်။ ၀မ်းနည်းကြေကွဲမှုနှင့် ကင်းကွာနေသည့် သူမ၏ မျက်နှာကို သူဘယ်လောက် မက်မောတောင့်တရသည်ကို သူမပင် အသိဆုံးဖြစ်သည်။

သူမ လာသည်ကိုသိလျှင် သူ ပျော်နေမည်လား .. စိတ်ဆိုးပြီးများဆူပူလေမလား .. သူအမုန်းဆုံးဖြစ်တဲ့ သူမ မျက်ရည်များကိုတော့ အတတ်နိုင်ဆုံး သိုဝှက်ထားရဦးပေမည်။ သူအရမ်းမြတ်နိုးသည့် နှင်းဆီဖြူလေးများပိုက်ကာ သူရှိရာ မြေပေါ်သို့ ခြေချလိုက်သည်နှင့် သူ့ကိုမြင်သည်ဆိုလျှင်ပင် .. လွမ်းဆွတ်တမ်းတမှု အငွေ့အသက်လေးတွေ ငွေ့ရည်အဖြစ် ပြောင်းလဲမသွားအောင် အတတ်နိုင်ဆုံးထိန်းချုပ်ထားသည့်ကြားမှ ရှိုက်ကြီးတငင် ရွာချလိုက်သည့် မိုးလို … … အလဲလဲအပြိုပြို

“တောင်းပန်ပါတယ် ကိုကိုရယ် .. ကိုကို မကြိုက်တာကို လုပ်မိပြန်ပြီနော် .. ကိုကိုထားရစ်ခဲ့တဲ့ နှင်းဆီပင်လေးတွေလေ ကိုကို .. အပွင့်လေးတွေတောင် ပွင့်လာကြပြီ .. လှတယ်မဟုတ်လားဟင် .. နှင်းဆီလေးတွေ ပွင့်လာတာ အတူထိုင်ကြည့်ကြမယ်ဆို ကိုကို .. အခုကြည့်လှည့်ပါဦး ကိုကိုရယ် …”

ဤမြေလေးပေါ်တွင် ယခင်က နာကျည်းခြင်းများနှင့် ရင်တစ်ခုလုံးပွင့်ထွက်သွားမတတ် အော်ဟစ်ငိုကြွေးခဲ့ဖူးသလို .. ယခုတော့ သူမရှိုက်သံနှင့် သူ့ရှိုက်သံတို့ပေါင်းစပ်နေကြသလို ကြားနိုင်ကြမည်ဆိုပါက ကမ္ဘာပျက်မတတ် ဆူလောင်လို့ … … ။

===== ===== ===== 


စွန့်ကြဲမလို အလွန်ပိုကာ

မချိုမျက်နှာ သိုဝှက်ကာထား

ဖရိုဖရဲ ခင်းကျင်းလိုက်တဲ့

လမင်းမျက်နှာ မကြည်သာ … …

ကောင်မလေးရေ … မလွန်ဆန်နိုင်တဲ့ မင်းရဲ့အလွမ်းတွေထဲ ငါ ပါဝင်ခွင့် မရနိုင်ရင်တောင် မရှုမလှဖြစ်နေတဲ့ ငါ့နှလုံးသားနဲ့ရင်းပြီး မင်းကိုချစ်နေဆဲပါ။

“လင်း … ကို အပြာရောင်မကြိုက်ဘူး”

“ကိုကို နဲ့ အပြာရောင်လေးက အရမ်းလိုက်တယ်”

“ဘာ .. ဘယ်လို”

“သြော် .. ကိုကို နဲ့ အပြာရောင်လေးနဲ့ အရမ်းလိုက်တယ်လို့”

“လင်း ကို့ကို ကိုကိုလို့ခေါ်လိုက်တာလား”

“အင်းလေ … ဘာလဲ မကြိုက်လို့လား”

“မကြိုက်လို့တော့ မဟုတ်ပါဘူး တစ်ခါမှ မခေါ်ဖူးလို့ပါ”

“လာမယ့်စနေနေ့ ဒီအိင်္ကျီလေးဝတ်ခဲ့ .. နော် ကိုကို”

“ဟုတ်ကဲ့ပါဗျာ လင်းသဘောပါ … လင်းရဲ့မွေးနေ့ပဲ”

“ဟင်းဟင်း သိနေသားပဲ”

“မသိပဲနေမလားကွ ဒီချစ်သူလေးတစ်ယောက်တည်း ရှိတာ”

ချစ်သူရယ် … မင်းအပြုံးနောက်မှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ကို မြင်နေရတိုင်း ငါ့ရင်ထဲ အမည်မသိ အရောင်တစ်ချို့ ခပ်ကြမ်းကြမ်းဝင်ရောက် စွန်းထင်သွားကြတယ်။ စွန်းထင်လာကြတဲ့ ဆေးစက်တွေကိုမှ မနာကျည်းရက်ဘဲ မြတ်နိုးနေမိခဲ့တာ ဘာ့ကြောင့်လဲ … ငါကိုယ်တိုင် နားမလည်နိုင်တဲ့ ချစ်ခြင်းမျိုးတွေနဲ့ မင်းကို ချစ်မိခဲ့ပြီပေါ့ ချစ်သူရယ်။

“လင်း ဘုရားသွားမှာမဟုတ်ဘူးလား”

“ကိုကို့ကို ဘုရားသွားမယ်ပြောခဲ့လို့လား”

“အဲ့လိုတော့ မဟုတ်ဘူးလေ .. ဒါပေမယ့် မွေးနေ့မှာ ဘုရားသွားပြီးမှ တခြားနေရာတွေ သွားရင်ပိုမကောင်းဘူးလား”

“လင်းမှာ အဲ့လိုအစွဲတွေ မရှိဘူး”

“ထားပါတော့ကွာ လင်းသဘောပါ”

ဘယ်လိုမှထင်မှတ်မထားတဲ့နေရာမှာ ကားကလေးထိုးရပ်လိုက်တဲ့အခါ … …

“လင်း .. ဒါဘာလုပ်တာလဲ .. ဘာလို့ ဒီကိုလာတာလဲ”

“ကိုကို့ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမလို့”

“လင်း .. မင်း ဘာသဘောနဲ့ လုပ်နေတာလဲ”

လှည့်ပင်မကြည့်ဘဲ ကားပေါ်ကနေ ဆင်းသွားတဲ့ ချစ်သူ့လိုအင် ဖြည့်ဆည်းပေးရုံမှတစ်ပါး သူ ဘာတတ်နိုင်ပါမည်နည်း .. သူ့ကိုမှမစောင့် ရှေ့ကလျှောက်သွားတဲ့ ချစ်သူ .. တစ်နေရာအရောက် ခြေလှမ်းတွေရပ်တန့်သွားလို့ သူ့ကိုပြန်လှည့်ကြည့်လာတယ် .. ပြုံးနေလို့ပေါ့

“ကိုကို .. ကိုကို့စိတ်တိုင်းကျ ပြုံးနေပြီလေ .. ကိုကို ပျော်ရဲ့လားဟင်”

တိုးလျစွာထွက်ပေါ်လာသည့်အသံ .. သူ့ကိုပြောတာ ဟုတ်ပါလေစွ .. ဖြူဖတ်ဖြူရော် ငေးကြည့်နေတဲ့ ချစ်သူ့မျက်နှာလေးက ပြုံးလို့ .. ထိုအပြုံးနောက်ကွယ်မှာ လွင့်ထွက်လာတဲ့ ရှိုက်သံသဲ့သဲ့ .. ထိုရှိုက်သံတွေ သူ့ရင်ကို ရိုက်ခတ် နှလုံးသွေးတွေလည်း ဗလောင်ဆူခဲ့ရပြီ … … ချစ်သူရယ်။

“လင်းထက် .. ငါ့ကို မေ့လိုက်ပါတော့ဟာ .. အားလုံးငါ့အမှားတွေပါ .. နင့်ကို လိမ်မိခဲ့တဲ့အတွက်ရော ကိုကို့ကို လိမ်မိခဲ့တဲ့အတွက်ရောပေါ့”

ကြားလိုက်ရတဲ့ စကားများကြောင့် သူ့နားသူပင် မယုံနိုင်လောက်အောင် တွေဝေနေခိုက်

“ငါ .. ငါ လေ ကိုကို့ကို သိပ်ချစ်တယ်”

“လင်း .. မင်းဘာတွေပြောနေတာလဲ ကို နားမလည်တော့ဘူးကွာ”

“ဟုတ်တယ် .. ငါ ကိုကို့ကို သိပ်ချစ်တယ် .. ကိုကိုမြင်ချင်သလို ငါ ကိုကို့ကို ပြုံးပြချင်ခဲ့တယ် ဒါပေမယ့် ငါဘယ်တော့မှ ပြုံးနိုင်တော့မှာ မဟုတ်ဘူးဆိုတာ သိလိုက်ရပြီ .. ကိုကို့အရိပ်အောက်မှာ ငိုကြွေးနေရမှာထက် အခုလို ကိုကို့ကို ပြုံးပြနေရတာ ငါ့ရင်ထဲမှာ ပိုပြီးနာကျဉ်လွန်းတယ်”

နှင်းဆီပန်းတွေ ပြန့်ကျဲနေတဲ့ ၀ါကျင့်ကျင့် အုတ်ဂူလေးရှေ့မှာ ပြုံးသယောင်ယောင်နဲ့ ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ ချစ်သူ .. သူ့အရိပ်အောက်မှာ ထာဝစဉ် ငိုကြွေးနေတော့မည်လား .. မင်းနာကျဉ်ရတဲ့ အပြုံးမျိုးကိုလည်း တစ်စက်ကလေးမှ မတောင့်တရက်ခဲ့ပါဘူး .. ငါ့ရှိုက်သံတွေကိုလည်း မင်းမကြားနိုင်အောင် မြေမြုပ်ပစ်ခဲ့ပါတယ် ချစ်သူရယ် .. .. ။

“ငါ့ကို .. ငါ့ကို မုန်းပစ်လိုက်ပါ လင်းထက်ရယ် .. ကိုကို့ကိုချစ်တဲ့စိတ်တစ်ခုအတွက်နဲ့ သူ့အရိပ်အောက်ထဲ နင့်ကိုဆွဲခေါ်ခဲ့တဲ့ငါ့ကို မုန်းပစ်လိုက်ပါတော့ လင်းထက်ရယ် .. ..”

မငိုပါနဲ့တော့ ချစ်သူရယ် .. မင်း မုန်းဆိုလည်း ငါ့အသည်းတစ်ခုလုံးထုတ်ပြီး မုန်းပေးပါ့မယ် .. မင်းငိုနေရင် ငါ့ရင်ထဲက နှလုံးသားကို အစိမ်းလိုက်ထုတ်ပစ်ရတာထက် နာကျဉ်လွန်းလို့ပါ … … ။

စုတ်ပြတ်သတ်နေတဲ့

ငါ့အသည်းတစ်ခုလုံးကို

မင်းစိတ်တိုင်းကျ မီးသဂြုင်္ိဟ်ပေးခဲ့ပါတယ် ချစ်သူ

မင်းသာပြုံးလာနိုင်မယ်ဆို

အုတ်ဂူလေးထဲကနေပဲ ကြည့်ခွင့်ရမယ်ဆိုရင်လည်း

ငါ့ကို အုတ်ဂူလေးထဲ ၀င်ခွင့်ပြုဖို့သာ တောင်းဆိုပါရစေ … …

                                                                                                              လင်းထက်

 

 

ကြေမွပျက်စီးနေတဲ့ ငါ့နှလုံးအိမ်ကို

တစ်စချင်းစီပြန်ကောက်ပေးဖို့ နင့်မှာခွန်အားတွေရှိလည်း

နေသားတကျ ပြန့်ကျဲစပြုနေတဲ့ အပိုင်းအစလေးတွေကို

ငါကိုယ်တိုင် ပြန်မစီရက်နိုင်သေးလို့

မုန်းတီးခြင်းများစွာနဲ့ မေ့ပစ်လိုက်ပါတော့လို့သာ တောင်းပန်ပါရစေ … …

                                                                                                                                   လင်းလက်

========== ———- ========== ———- ========== ———- ==========

မေခက်ဆူး

09/08/2011

12:44PM

Villain တစ်ယောက်ရဲ့ ရင်ကွဲရှိုက်သံ

ငါ့ရဲ့ ချစ်မေတ္တာနဲ့

နင့်ရဲ့ ဥပေက္ခာ

ရောမွှေထားတဲ့ ဆေးရောင်တစ်စက်

ငါ့နှလုံးအိမ်ပေါ် လာစင်တဲ့ရက် … …

 

နင် အသည်းနင့်အောင် ချစ်ရတဲ့ သူ့အပြုံးတွေကို တစ်စစီ ကုတ်ဖဲ့ခြွေချ ပစ်ချင်လောက်အောင်ကို ငါဟာရူးသွပ်ခဲ့တယ်။ နင် မဖန်တီးခဲ့တဲ့ ဇာတ်လမ်းမှာ Villain နေရာကို ကျေကျေနပ်နပ်ကြီး ၀င်ယူခဲ့တဲ့သူပါ။ နင့်ကို ချစ်နေတာနဲ့အမျှ နင့်ချစ်သူကို မုန်းနေမယ့် ငါ့ကို မိန်းမကြမ်းလို့ ခှိုင်းနှိုင်းဦးမလား … နင် ပေးလာမယ့် ဘယ်လိုဂုဏ်ပုဒ်ကိုမဆို ကျေနပ်စွာနဲ့ လက်ခံနေမှာပါ ချစ်သူ။ အတ္တကြီးတဲ့ မိန်းမတဲ့လား … ကိုယ့်ချစ်သူကို ထာဝရပိုင်ဆိုင်ချင်ခဲ့တာ အတ္တလို့နင်ခေါ်ရင် ငါလေ … နင်ပြောတဲ့ အတ္တကြီးကို ပွေ့ဖက်လို့သာ ထားလိုက်ချင်တယ်။

နင့်ကို ရူးသွပ်စေခဲ့တဲ့ သူ့အသံတွေကို တစ်သက်လုံးထွက်ပေါ်မလာနိုင်အောင် ပိတ်ဆို့ထားလို့ရရင်ကောင်းမယ် … နင်အမြဲဆုပ်ကိုင်တတ်တဲ့ သူ့လက်ကလေးတွေကို စိတ်ရှိလက်ရှိ အပိုင်းပိုင်းလုပ်ပစ်လိုက်ချင်တယ်။ ဟုတ်တယ် … ငါက မိန်းမရိုင်း … ငါလိုမိန်းမရိုင်းထက် ရက်စက်နိုင်လွန်းတဲ့ နင့်ကိုမှ အသက်တမျှချစ်နေရတဲ့ မိန်းမရိုင်း … … ။

မိန်းမရိုင်းကို မနှစ်မြို့တော့လည်း ငါ့အပြုံးတွေကို ခါချ … ငါ့မာနတွေကို ရိုက်ချိုးလိုက်ဦးပေါ့ ချစ်သူ။ ငါကိုယ်တိုင်တောင်းဆိုခဲ့တဲ့ နင့်ရက်စက်မှုတွေကို ဘယ်တုန်းကများ ငြင်းဆိုခဲ့ဖူးလို့လဲ … သိပ်သိချင်တယ် ချစ်သူ … သူဆိုတဲ့မိန်းမက ငါ့လောက်မှ နင့်ကိုချစ်နိုင်ပါ့မလားဆိုတာလေ။ အစွယ်မရှိတဲ့ မြွေဟောက်ဆိုတာ နင်ကြားဖူးလို့လား ချစ်သူ … နင့်အတွက်ဆို သူ့အစွယ်တွေကို ရိုက်ချိုးပေးဖို့ကိုလည်း ငါဝန်မလေးပါဘူး။ ငါ့အစွယ်တွေကိုတော့ ငါကိုယ်တိုက်ရိုက်ချိုးလို့ ပေးဆပ်ခဲ့တယ် နင့်အတွက်ပေါ့။ လူတွေက ပြောကုန်ကြပြီ … ငါဆိုတဲ့ Villain ကို ရူးနေပြီတဲ့လေ။ နင်နဲ့ နင့်ချစ်သူ လှလှပပ ကပြနေတဲ့အချိန် ငါဆိုတာ အရူးမကြီးကိုဖြစ်လို့ … မလိုတမာ မုန်းတီးသံတွေနဲ့ ငါ့ကိုတိုက်ခိုက်နေကြလည်း ငါဆက်ရူးနေဦးမှာပါ ချစ်သူ … … ။

နင်ဟာ ငါ့အတွက် ဘယ်တော့မှ အလင်းရောင်ရှိလာနိုင်မှာ မဟုတ်ဘူးဆိုတာသိလျှက်နဲ့ နင့်လို “ည”မိုက်မှာမှ သာချင်ခဲ့တဲ့ “လ”မိုက်လို မိန်းမမိုက်ပါ ချစ်သူ။ မရည်ရွယ်ပါဘဲ နင့်ကိုစူးစေတဲ့ ငါ့ဆူးတွေကို ငါလက်နဲ့ချိုးဖဲ့ သွေးစိမ်းရှင်ရှင်ထွက်ခဲ့ရတဲ့ ငါ့ရဲ့စက္ကန့်တွေနဲ့အမျှ နင့်ကိုချစ်တယ်။ ရက်စက်မှုနဲ့မှ မထိုက်တန်တဲ့ ပေးဆပ်မှုတွေနဲ့ ကပြရတဲ့ ငါ့ကို လူတွေရဲ့ ကောင်းချီးပေးသံက Villain မ တဲ့လေ။ ကျေနပ်ပါတယ် ချစ်သူ … ဘယ်သူမှ မသိနိုင်တဲ့ ရှိုက်သံတွေအောက်မှာ ငါ့ရင်တစ်ခုလုံး မွစာကြဲသွားခဲ့ရင်တောင် နင့်ကို ဆက်လို့ချစ်သွားမယ်။

 

မျောလွင့်လာတဲ့ တိမ်တိုက်တွေက ပြောကြတယ်

နင်ငါ့ကို မုန်းတယ်တဲ့ … …

ဖြတ်တိုက်သွားတဲ့ လေပြေလေးတွေနဲ့ ပြန်မှာလိုက်မယ်

နင်မုန်းတာထက် ငါပိုချစ်တယ် … …

—–+++++—–+++++—–+++++—–+++++

 

မေခက်ဆူး

05/08/2011

(12:30PM)

မကျီစားပါနဲ့ … ချစ်သူ

ဒီနေ့ ရက်ရာဇာမဟုတ်သည့် ပြဿဒါး … …

 

“ဟဲ့ .. ဟဲ့ သီရိ နင့် ဖိနပ်ကြီး .. နင့် ဖိနပ်ကြီး”

 

“ငါ့ ဖိနပ်ကြီးက ဘာဖြစ်နေလို့လဲ ဖိနပ်ကြီးဖြစ်နေလို့လား ဒီလောက်အော်နေရအောင်”

 

“အေးဟေ့ ဖိနပ်ကြီးဖြစ်နေလို့ဟေ့ .. နောက်မှာတောင် နှစ်တောင်လောက် ထွက်နေသေးတယ်”

 

“အဲ .. အို .. .. နင်ကလည်း အခုမှ ပြောရလားဟာ ဟိုရောက်မှပြောရင် ပိုမကောင်းဘူးလား”

 

အဖေ့ဂျပန်ဖိနပ်ကြီးကို ငုံ့ကြည့်ရင်း စိတ်ညစ်လိုက်တာ ပြောမနေပါနဲ့တော့

 

“ဟဲ့ ငါလည်း အခုမှ မြင်တာကိုး”

 

“ပြန်လှည့်တာပေါ့ဟာ”

 

“ဖြစ်ပါ့မလားဟာ နင့်အမေက တမင်လုပ်တယ် ထင်နေဦးမယ်”

 

“မတတ်နိုင်ဘူးဟာ မဟုတ်ရင် ဒီအတိုင်းကြီးသွားရမှာလားဟ”

 

“အဲ့လိုလည်း မဟုတ်ဘူးလေဟာ .. ဒီနားမှာ ဖိနပ်ဆိုင်မရှိဘူးလား .. နင့်အိမ်ပြန်ပြီးတော့ လဲမှာထက်စာရင်တော့ ပိုကောင်းမယ်ထင်တယ်နော်”

 

“အင်းဟာ .. ငါလည်း အမေ့ရဲ့ မှာတမ်းရှည်ကြီးအောက်ကနေ ကိုယ်လွတ်ရုန်းလာခါမှ အဖေ့ ဂျပန်ဖိနပ်ရှည်ကြီးနဲ့မှ တိုးရတယ်လို့”

 

“ဒါနဲ့ နင့်အမေက ဘာလို့ အဲ့လူနဲ့မှ ဒီလောက်သဘောတူနေရတာလဲ”

 

“သူ့သူငယ်ချင်း သားမို့လို့တဲ့ဟေ့ .. မကောင်းတတ်လို့ သွားတွေ့ရမှာ .. အပြတ်ကိုငြင်းခဲ့ဦးမယ်”

 

“ပြောတာပဲ … နင့်အမေပုံစံကြည့်ရတာ ကြိုက်ကြိုက် မကြိုက်ကြိုက် လိုက်ခိုင်းမယ့်ပုံ”

 

“အဲ့လူကြီးကလည်းဟာ …”

 

“ဘာဖြစ်လို့လဲ”

 

“အဲ့လူကြီးကဟာ ဘယ်လိုကြီးမှန်းလည်း မသိပါဘူး”

 

“အင်းလေ ဘာဖြစ်နေလို့လဲလို့”

 

“သြော် မသိပါဘူးလို့ဆို”

 

“နင် မသိဘူးပြောပုံကြီးကလည်း သိနေသလိုလိုနဲ့”

 

“အေး အဲ့ကိစ္စက နောက်မှ ရှင်းရမှာ .. ဖိနပ်ဆိုင် အရင်ဝင်ဦးမယ်”

 

ဖိနပ်ဆိုင်ထဲသို့ အ၀င်

 

“ဘာအလိုရှိပါသလဲ ခင်ဗျာ”

 

“ဟဲ့ ဘာအလိုရှိရမှာလဲ ဖိနပ်ဆိုင်ထဲဝင်လာတာ ဖိနပ်လိုချင်လို့ပေါ့”

 

“အဲ .. ဟုတ်ကဲ့ပါဗျ .. ဒီဆိုင်မှာက ဖိနပ်အပြင် တစ်ခြားပစ္စည်းတွေလည်းတင်လို့ မေးတာပါခင်ဗျာ”

 

ကိုယ့်ဇောနှင့်ကိုယ်မို့ စွတ်ဟောက်ပြီးတော့မှ အားနာသွားသည်

 

“ဒါလေး ယူမယ်”

 

“ဒီ Size ပဲလား ခင်ဗျ”

 

မေးလည်းမေး ငုံ့လည်းကြည့် ဘယ်လိုမှကို ကွယ်ချိန်မရလိုက် စီးထားသည့် ဖိနပ်ကိုကြည့်ကာ ဒီ Size ကြီးလောက်ဆိုရင်တော့ မရှိလောက်ဘူးဟု မှတ်ချက်ချနေပုံထောက်သည်

 

“ဟဲ့ အခုရွေးထားတဲ့ Size ကိုပဲယူမှာ”

 

ကောင်တာမှ လူကြီးကလည်း မျက်မှန်ကြီးတပင့်ပင့်နှင့် အဝေးမှ လှမ်းလှမ်းချောင်းနေသေးသည်။ ရှက်သလားဆိုတော့ မရှက်ပါ သို့သော အကြည့်တော့လည်း မခံချင်။ ဆိုင်ထဲမှ ကားဂိတ်သို့ ခပ်မြန်မြန်ထွက်လာခဲ့သည်။

 

“သီရိ .. နင့်လူကြီးက တော်တော်အသက်ကြီးပြီလားဟင်”

 

“နင် တော်တော်စိတ်ဝင်စားနေပုံရတယ် .. အတော်ပဲ နင်သာ လိုက်လိုက်တော့ဟာ”

 

“ကောင်မစုတ် .. ငါက အကောင်းနဲ့ စဉ်းစားပေးမလို့ မေးတာကို”

 

“တွေ့လား ငါ နှစ်ခါမအစ်ရဘူး နင်က စဉ်းစာပေးမယ့် အဆင့်တောင် ရောက်လာပီ .. ဆိုးဘူးပဲ ဟဟ”

 

“ပျော်နိုင်သေးတယ် .. ဟိုရောက်မှ အဘိုးကြီးနဲ့ တွေ့ရရင်တော့ ကူပါဦး ကယ်ပါဦး မလုပ်နဲ့”

 

“အဲ့ဒါတော့ စိတ်ချ ငါ့ထက် မဆိုသလောက်လေးကြီးတယ်တဲ့”

 

“သြော် .. နင်က အဲ့လူကြီး အဲ့လူကြီးလို့ပြောနေတော့ အသက်များ ကြီးနေပြီလားလို့”

 

“ဟ .. အဲ့လူကြီးမပြောလို့ အဲ့လူလေးလို့ပြောရမှာလား ဒီအရွယ်ကြီးကို”

 

“တော်ပါတော့ နင်ပြောလိုက်ရင် အဲ့တိုင်းချည်းပဲ”

 

“ငါထင်ထားတဲ့ အတိုင်းဆိုရင်တော့ ဒီလူ့ပုံက ကုတ်ချောင်းချောင်း ပိန်လှီလှီ လေးလုံးနဲ့ စာဂျပိုးရုပ်ဟ”

 

“ဟင် ဘယ်လိုပုံကြီးလဲ”

 

“ငါ့အမေ ပြောပုံအရ မှန်းကြည့်တာလေဟာ”

 

“နင့်အမေက ဘယ်လိုပြောလို့လဲ”

 

“စာတော်တယ် ပြောလို့”

 

“ဘာ .. ဘယ်လို”

 

“စာတော်တယ်လို့ ပြောပါတယ်ဆို .. နင်ကလည်း ဝေးပါ့ဟာ ငါတို့ကျောင်းမှာတင် ကြည့်ကြည့်ပါလား စာကြိုးစားတဲ့သူတွေဆို ကြည့်လိုက် ငါပြောတဲ့ ပုံတွေချည်းပဲ မတူဘူးဆိုတဲ့ လူတွေကို လက်ချိုးရေလို့ရတယ်”

 

“အဲ့ပုံစံကြီး ဆိုရင်ကော နင်ဘာဆက်လုပ်မလဲ”

 

“ကြည့်ကြည့်ပေါ့ဟာ အဲ့လိုလူဆိုရင်တော့ ဂွင်ပဲဟ .. အသာလေး ပုတ်ထုတ်လိုက်ရုံပဲ”

 

တွေးရင်းတွေးရင်း ထိုလူ့ရုပ်မှာ အာရုံထဲတွင် ကွက်ကွက်ကွင်းကွင်းကို ပေါ်လာသည့်နှယ် ပိန်ညှောင်ညှောင် ရှူနာရှိုက်ကုန်း လေးလုံး .. .. အတွေးများပင် မဆုံးလိုက် စားသောက်ဆိုင်တန်းသို့ ဦးတည်နေသော ခြေလှမ်းများမှာ ဟန်ချက်ပင်မညီချင်တော့ .. ဖျက်ခနဲတွေ့လိုက်ရသော တစ်စုံတစ်ရာ .. တစ်စုံလို့ပြောလျှင်ပိုမှန်မည်ထင်သည်။ ဟုတ်ပါသည် မျက်လုံးတစ်စုံ .. ကိုယ့်ကိုကြည့်နေခြင်းတော့မဟုတ် အဝေးတစ်နေရာသို့ ငေးလျှက် တွေးနေသော မျက်ဝန်းတစ်စုံ။ ရင်တွေခုန်လိုက်လေခြင်း … … တဖြည်းဖြည်းနှင့်သာ နီးကပ်သွားသည် ထိုသူမှာ သတိထားမိဟန်ပင်မတူ။

 

“ဟဲ့ .. ဟဲ့ သီရိ ဟိုဘက်မျက်နှာချင်းဆိုင်က လူက နင့်ကို ၀င်လာကတည်းက တကြည့်ကြည့်နဲ့ သူများလား မသိဘူး”

 

“ဟင်”

 

“ဟုတ်မယ်ထင်တယ်နော် သီရိ”

 

“သွားမေးကြည့်တာပေါ့ဟာ”

 

ထိုသူ့ဝိုင်းသို့ လျှောက်သွားပြီး

 

“ကိုရန်နိုင် လား မသိဘူး”

 

“ဟုတ်ပါတယ် ခင်ဗျ”

 

ထင်သည့်အတိုင်းပင် လူပုံက ကုတ်ချောင်းချောင်းနှင့်လေးလုံး သို့သော် မပိန်မ၀ အသားညိုညို အရပ်မြင့်မည်ဟု ထင်ရသည်။

 

“ရောက်နေတာ ကြာပြီလား ကိုရန်နိုင်”

 

“မဆိုသလောက်လေးပါ”

 

“စားပြီးပြီလား”

 

“မစားရသေးဘူး ခင်ဗျ”

 

“သောက်ကောပြီးပြီလား”

 

“ဗျာ”

 

“အအေးတစ်ခုခု မှာပြီး သောက်ပြီးပြီလားလို့”

 

“သြော် .. မှာပြီးပါပြီ လာမချသေးဘူး .. သီရိတို့ကော ဘာသောက်မလဲ ကိုမှာပေးမယ်လေ”

 

“ရပါတယ် .. ရွှတ် ရွှတ် .. မောင်လေး Apple Juice တစ်ခွက် .. ဟဲ့ စန္ဒီ နင်ဘာသောက်မှာလဲ”

 

“နင့်အတိုင်းပဲ”

 

“အင်း .. ကြားတယ်နော် ငါ့အတိုင်းပဲတဲ့”

 

“ဟုတ်ကဲ့ ခင်ဗျ”

 

“သီရိ စားသောက်ပြီးရင် ဘယ်သွားချင်သေးလဲ”

 

“အိမ်ပြန်မယ်လေ ကိုရန်နိုင်သွားစရာရှိရင်သွားနော် အားမနာနဲ့”

 

“မဟုတ်သေးဘူးလေ … ဘာမှ မှ မပြောရသေးတာ”

 

“သြော် ပြောပြီးမှ သွားမယ်ပေါ့ … ဒါဆိုလည်း ပြောလေ”

 

“အေးအေးဆေးဆေး ရှိမယ့် တစ်နေရာရာမှာ ပြောရင် ပိုကောင်းမလားလို့ပါ”

 

ထိုလူကြီးကလည်း လာလာသေးသည် .. ကလေးတွေလို ပန်းခြံထဲသွားပြီး နေရာရွေးကာ လေထုတ်ချင်နေသလား မသိ

 

“ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဒီစကားပဲပြောမှာ မဟုတ်လား အပင်ပန်းခံပြီး တကူးတက သွားမနေချင်တော့ဘူး”

 

“သြော် .. အမိသဘောပါပဲဗျာ”

 

“အမိ မဟုတ်ဘူး သီရိပါ .. မျက်လုံးတင်မကဘူး နားပါအားနည်းနေပြီထင်တယ်”

 

“သီရိက ကလေးကျနေတာပဲနော် ပြောချင်တာကို ပြောတော့တာပဲ .. ကောင်းပါတယ် ပွင့်ပွင့်လင်းလင်းရှိတာပေါ့”

 

“မကောင်းမှာတော့ မပူနဲ့ ဒီက တစ်သက်လုံး ပြောချင်တာပဲ ပြောလာတာ .. နောင်လည်း ပြောချင်တာပဲ ပြောသွားမှာ”

 

ပြောသာပြောနေသော်လည်း စိတ်မပါလှ အာရုံတွေက မျက်လုံးတစ်စုံဆီသို့သာ .. .. အခုနေဆို သူပြန်သွားလောက်ရောပေါ့ လှည့်ကြည့်ချင်သည့်စိတ်ကို မနည်းထိန်းချုပ်ထားရင်း အဆီအငေါ်မတည့်သည့် မေးခွန်းတွေကိုသာ လှိမ့်ကာဖြေနေရတော့သည်။ ပင်ပန်းလိုက်သည့် ပြဿဒါးနေ့ဖြစ်ခြင်း … … ။

 

+++++—–+++++—–

 

ပိတ်ရက်ဖြစ်သဖြင့် ပျင်းပျင်းရှိသည်နှင့် စာအုပ်ငှားရန် အောက်ထပ်သို့အဆင်း လူရိပ်တွေ့လိုက်သောကြောင့် ရှောင်လိုက်ရာ ထိုအရိပ်ကပါ ကပ်ပါလာသည်ထင် .. ကိုယ်ကဘယ် သူကညာ၊ ကိုယ်ကညာ သူကဘယ်နှင့်  ရှောင်တော့မှပိုငြိနေလေတော့သည်။

 

“ဟာ .. ဟေ့လူ မလှုပ်နဲ့ မလှုပ်နဲ့ .. ရပ်”

 

အလန့်တကြားထအော်လိုက်သောကြောင့် ထိုသူမှာ တုတ်တုတ်မျှပင် မလှုပ်ဘဲ ရပ်သွားလေသည်။ ကိုယ်ကတော့ သူ့လိုမဟုတ် အလျှင်အမြန်ပင် တစ်ဘက်ခြမ်းမှ အောက်ထပ်သို့ ဆင်းခဲ့လိုက်သည်။ အောက်လှေကားထစ်ပင်ရောက်တော့မည် ထိုသူ့ခြေသံမကြားရသေး

 

“ဟေ့လူ လှုပ်လို့ရပြီ”

 

ပြောလည်းပြော မော့လည်းအကြည့် … ကိုယ့်ကို ပြန်ငုံ့ကြည့်နေသော မျက်ဝန်းတစ်စုံ … ဟင် … … မျက်ဝန်းတစ်စုံ … … သူက ဒီမှာနေတာလား … တစ်ခါမှလည်း မမြင်ဖူးပါဘူး တွေးနေရင်းနှင့် လှေကားလက်ကိုင်တန်းကိုပင် ယောင်ပြီးပွတ်နေမိသည်။

 

“လှုပ်လို့ရပြီဆိုလည်း သွားတော့လေကွာ”

 

“သွားမလို့ပါပဲ ဘာလို့ပြူးကြည့်နေတာလဲ မေးမလို့”

 

“ပြူးကြည့်နေတာ ဘယ်သူလဲကွ”

 

“ဘာ”

 

ရှက်ရှက်နှင့် အော်လိုက်သောကြောင့် ထိုသူပင် လန့်သွားသည်ထင်

 

“သြော် မဟုတ်ဘူးလေ .. မင်းက အပေါ်ကိုကြည့်နေရတော့ မျက်လုံးကိုပင့်ပြီးကြည့်ရတယ်မဟုတ်လား အဲ့တော့ ပြူးကြည့်သလိုဖြစ်နေတာပေါ့ကွ ဟဲဟဲ”

 

“ထားပါတော့ ..”

 

ခပ်ပြတ်ပြတ်ပင်ဆိုပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အခုကျတော့လည်း ဟိုနေ့က တွေ့ခဲ့သည်မှာ သူမဟုတ်သလိုပင် ရွှတ်နောက်နောက်နှင့် .. စတွေ့သည့်နေ့တုန်းကတော့ အတွေးသမားလိုလို ဘာလိုလို။ သို့သော် မျက်ဝန်းတစ်စုံကတော့ ဘာမှမပြောင်းလဲ စတွေ့ခါစကလိုပင် တစိုက်မက်မက် စူးစိုက်ကြည့်တတ်သည့် သဘော … … ။

 

+++++—–+++++—–

 

“မေမေကလည်း ပိတ်ရက်ကလေး အိပ်ရတာကို .. အိပ်ရေး၀၀ မအိပ်ရဘူး ..”

 

စားချင်သည်များကို မထဘဲမှာနေသဖြင့် ဈေးသွားခိုင်းသောကြောင့် စိတ်ပျက်ပျက်နှင့် ဈေးခြင်းတောင်းကြီးဆွဲကာ ထွက်လာခဲ့လေသည်။

 

“ဟေ့ မလှုပ်နဲ့ မလှုပ်နဲ့ .. ရပ်နေ”

 

အော်သံကြောင့် ကြည့်လိုက်တော့ မျက်ဝန်းတစ်စုံ … … သူနှင့် အဝေးကြီးကို စွတ်အော်နေသဖြင့်

 

“အဝေးကြီး”

 

“ရောက်တော့မှာ ရောက်တော့မှာ .. မလှုပ်နဲ့နော် ဒီတိုင်းရပ်နေ”

 

“ကြွကြွ မြန်မြန်ကြွ”

 

“အဲ .. မင်းဈေးခြင်းတောင်းက ဒီ့ထက်ကြီးတာ မရှိတော့ဘူးလား”

 

“ဘာလဲ ၀ယ်ပေးမလို့လား”

 

“အင်း .. လူပါတစ်ခါတည်း ခြင်းထဲ ထည့်သွားလို့ရအောင်လေ”

 

“သွားစရာရှိတာ မြန်မြန်သွားပါ စိတ်ညစ်နေရတဲ့ ကြားထဲ”

 

“ဘာလို့လဲ”

 

“ဈေးမသွားချင်လို့”

 

“ဈေးသွားမှာများကွာ အသုဘအိမ်သွားရမှာကျနေတာပဲ မင်းမျက်နှာကြီးကြည့်ရတာ ကျက်သရေမရှိလိုက်တာ စောစောစီးစီး”

 

“ဘာပြောတယ် .. အဲ့လောက်တောင် ကြက်သွားရည် ရှိစေချင်နေရင် နင့်အိမ်ဧည့်ခန်းထဲမှာ ကြက်ဖတစ်ကောင်မွေးထားလိုက် ပြီးရင် မနက်တိုင်း ခွက်ကလေးနဲ့ ကျလာတဲ့သွားရည်တွေကိုခံထား”

 

“ကြက်မ လုပ်ပါကွာ”

 

“အမလေးနော် ကြက်တောင်မှ အမကိုရွေးနေသေးတယ် တော်တော့်ကို ..”

 

“ဟေ့ဟေ့ မင်းစကားက ဘာကြီးလဲ .. ကိုယ်ပြောတာ ရိုးရိုးလေး အထီးနဲ့ အမမှာ အမက ပိုညစ်ပတ်တဲ့သဘောရှိတယ် အဲ့တော့ သွားရည်ကျခြင်းကျ အမကပဲ ကျလိမ့်မယ် မယုံရင် မင်းအိပ်ခါနည်း ပါးစပ်အောက်မှာ ခွက်ကလေးတစ်လုံးထားအိပ်ကြည့်”

 

“ဘာ .. .. ဟဲ့  ဘာလို့ပြေးတာလဲ”

 

ပြောချင်တာပြောပြီး ပြေးဆင်းသွားသည့်သူ့ကို ကြက်ပင်ဖြစ်ပါက အနောက်မှလိုက်ကာ အရေခွံဆုတ်ပစ်ချင်စိတ်ပေါက်သည်။ ဈေးသို့ရောက်သော် ကြက်မြင်လျှင် သွားရည်အကြောင်းကို သတိပြန်ရပြီး အလိုလိုဒေါသထွက်နေသည်။ ကြက်ဖနှင့် ကြက်မ၊ အထီးနှင့် အမ ဘယ်သူသွားရည် ပိုကျသလဲဟု သွားမေးလျှင်လည်း မကောင်း။ ကြက်သားသည်ကြီးကတော့ ကြက်ကိုကြည့်လိုက် ရှေ့တိုးသွားလိုက် ကိုင်လိုက် နောက်ပြန်ဆုတ်လိုက်လုပ်နေသည်ကို စိတ်မရှည်သည့်ဟန်ဖြင့်

 

“ကြက်သားတွေရမယ်နော် ကြက်သားတွေ … …”

 

ကြက်သားမှန်းသိအောင် အော်လည်းအော် ခုတ်လည်းခုတ် .. .. ။ မြန်မြန်ဝယ်ပြီး မြန်မြန်ပြန်လစ်လာခဲ့ရသည်။

 

“ဟိတ်ကောင် ရဲရင့် နေဦးလေကွာ မင်းကလည်း .. .. ဟာ ဒီကောင် ကုန်အောင်တောင် မသောက်သွားဘူး ငမ်းပါ့ကွာ”

 

လက်ဖက်ရည်ဆိုင်ရှေ့တွင် အော်သံများနှင့်အတူ ဘေးသို့ရောက်လာသူမှာ … မျက်ဝန်းတစ်စုံ

 

“ဘာတွေဝယ်လာတုန်းဗျ .. ကြက်သားရော ပါရဲ့လား”

 

“ဘာဖြစ်ချင်လို့လဲ ဘာကိစ္စလိုက်လာတာလဲ”

 

“ဟောဗျာ .. စွာပါ့ ရန်တွေ့နေတာများ ကြက်နှုတ်သီးလေးကျနေတာပဲ”

 

“နင်နော် .. ဘယ်လိုဖြစ်နေလဲ”

 

“တိုးတိုးပြောပါကွာ မသိရင် သမီးရည်းစားတွေ စိတ်ကောက်နေကြတယ်လို့ ထင်ကုန်ဦးမယ်”

 

“သူကပဲ နာရတယ်ရှိသေး .. နင့်လမ်းနင်သွားပါ ငါ့နား လာကပ်မနေနဲ့ သွားရည်နံ့ နံတယ်”

 

“အဲ့ဒါ မင်းရဲ့ ခြင်းတောင်းကြီးထဲက ဖြစ်မယ် .. မင်း ကြက်သားဝယ်လာတာ အမကိုမှ ၀ယ်လာတာကိုး”

 

“ဒီမှာ ကိုယ့်လမ်းကိုယ်သွားလို့ပြောနေတယ်နော်”

 

“အခုလည်း သွားနေတာပဲကို”

 

“အဲ့ဒါဆိုလည်း ဘာမှလာပြောမနေနဲ့”

 

“လိုက်ပြောနေတာပါဗျာ”

 

“လိုက်လည်းမပြောနဲ့ စောစောစီးစီး ပြဿဒါးပဲ”

 

“မင်းအတွက်က ပြဿဒါးလား .. ကိုယ့်အတွက်ကတော့ ရက်ရာဇာပဲ”

 

“ဘယ်သူက မေးနေလို့လဲ”

 

“သိချင်မလားလို့ပါ”

 

“အဝေးကြီး”

 

မှုန်ကုတ်နေသော မျက်နှာထားနှင့်ဆက်ဆံနေသော်လည်း သူနှင့်ယခုလို စကားပြောနေရသည်ကို စိတ်ထဲတွင်ပျော်နေမိသည်လား .. .. သည့်ထက်ပို၍ ရင်းနှီးလိုစိတ်ရှိသည်။ ထိုအကြောင်းများကို စန္ဒီ့ကိုပင် ဖွင့်ပြောဖြစ်သေးသည်။

 

“နင်တို့နှစ်ယောက်တော့ ရေစက်ပါနေပြီထင်တယ်နော် မိသီရိ”

 

“အမလေးဟယ် ဒီလောက် မျက်နှာပိုးမကျိုးတဲ့သူနဲ့”

 

“နင့်ကို တမင်စချင်လို့နေမှာပေါ့ဟာ”

 

“ဒါတော့ ငါလည်းမသိဘူး .. ဒါပေမဲ့ သူ့ကိုစတွေ့တုန်းကတော့ အခုလိုပုံနဲ့ တစ်ခြားစီပဲ သိလား .. သိလိုက်ရတော့လည်း လူပုံစံက ပြောင်စပ်စပ်နဲ့”

 

“ဒီတစ်ခါတွေ့ရင် မိတ်ဆက်ပေးလေ”

 

“အမ် .. သူနဲ့ငါနဲ့က သူငယ်ချင်းတွေမှ မဟုတ်တာ .. စကားပြောဖြစ်ရင်တောင် ဘုနဲ့ဘောက် .. တစ်ခုတော့ ရှိတယ်ဟ .. သူ့မျက်လုံးတွေ .. သူ့မျက်လုံးတွေကလေ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်”

 

“သီရိတို့ကတော့ ဇာတ်လမ်းက စပြီ .. ဒါနဲ့ ဟို နင့်အမေသဘောတူထားတဲ့လူကြီးကော”

 

“ဟာ .. ခေါက်ထားစမ်းပါဟာ .. စိတ်ကိုမ၀င်စားတာ .. အသက်ကလေး နည်းနည်းကွာတာကို သူ့ကိုသူ ဆရာကြီးဂိုက်ဖမ်းလိုက်တာ လွန်ရော .. ဖုန်းပြောရင်လည်း သြ၀ါဒခြွေလိုက်တာ ရှည်ချက် မပြီးတော့ဘူး .. စိတ်ပျက်လွန်းလို့”

 

“ကြည့်ရသေးတာပေါ့ နင်ဘယ်လို ပုတ်ထုတ်မလဲဆိုတာ”

 

“ဒါကတော့ ပူစရာမလိုပါဘူးဟာ နင်ရှိနေတာပဲ ဟဲဟဲ”

 

“ကောင်မစုတ် မကောင်းဘူးဆို ငါ့ကိုပဲ သတိရတယ်”

 

“မဟုတ်ပါဘူးဟာ အဲ့လောက်လည်း မဆိုးပါဘူး ငါ့စိတ်နဲ့ မကိုက်တာပဲ ရှိပါတယ် .. နင်ကြိုက်မယ်ဆို ကြိုက်နိုင်လောက်တဲ့ အရည်အချင်းတွေ ရှိပါတယ်ဟ”

 

“တော်ပါ တော်ပါ နင်မလိုချင်တိုင်း … ဟိုကပဲ အပုတ်ထုတ်ခံရမလား နင့်အမေကပဲ နင့်ကိုသူ့ဆီအရောက် ပုတ်ထုတ်နိုင်မလားဆိုတာ စောင့်ကြည့်ရသေးတာပေါ့”

 

+++++—–+++++—–

 

နေ့တာတိုလှသည့် ဆောင်းရာသီကာလများတွင် ညနေခင်းတိုင်းလိုလို ပျင်းရိနေတတ်သဖြင့် စာအုပ်ဆိုင်သို့သာ ခြေဦးတည့်နေတော့သည်။

 

“ဟိတ်”

 

“ပလုတ်တုတ်”

 

“အိုးပုတ် ဂျိုးရုပ်တွေ နဲ့ ဆော့တုန်းလားကွ”

 

ကိုယ့်အတွေးနှင့်ကိုယ်မို့ ဘယ်အချိန် အနောက်ရောက်နေသည်လည်း သတိမထားမိလိုက်

 

“မခြောက်ပါနဲ့ အဲ့လို”

 

“မခြောက်ရပါဘူးဗျာ အစစ်ပါ”

 

“ဘာတွေပြောနေတာလဲ”

 

“သြော် အခြောက်မဟုတ်ကြောင်း ထောက်ခံစာလေ”

 

“အတုလည်း ဖြစ်နိုင်တာပဲ”

 

“ခင်ဗျားနော် ခင်ဗျား”

 

“ဘာလဲ .. ဒူးထောက်တောင်းပန် အခြောက်မဟုတ်ရပါဘူးဆိုပြီး ငိုပြမလို့လား”

 

“အင်းလေ … ဒါဆိုလည်း တစ်ခါတည်းအဖြေပေးဖို့သာ ပြင်ထားလိုက်တော့”

 

“ဘာပြောတယ်”

 

“မင်းပဲပြောတာလေ ဒူးထောက်တောင်းပန် အခြောက်မဟုတ်ကြောင်း သက်သေပြရမှာပေါ့”

 

“အဲ့ဒါနဲ့ အဖြေပေးရမှာနဲ့ ဘာဆိုင်လို့လဲ”

 

“ရော် .. ခက်တယ် .. ခင်ဗျားလေး ဝေးချင်ယောင်ဆောင်နေတာတော့ မဟုတ်လောက်ပါဘူးနော်”

 

“ဝေးတယ် ဝေးတယ် ဒဲ့ပြော”

 

“သက်သေပြတဲ့အနေနဲ့ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းမယ်လို့ ပြောတာ”

 

“နင် ပါးကွဲချင်လား နရင်းကွဲချင်လား ဘာကွဲချင်လဲပြော”

 

“ရုပ်နဲ့နာမ် ကွဲချင်ပါတယ်ခင်ဗျ”

 

“စိတ်ချ အပြီးကွဲသွားစေရမယ်”

 

“အဲ့လောက်တော့ မရက်စက်နဲ့လေ .. ကိုယ့်ကို ချစ်လို့ လက်ထပ်ခွင့်တောင်းတဲ့သူပဲဗျာ”

 

“ဘာ”

 

“ဟုတ်တယ်လေ မချစ်ရင် ဘယ်သူက တောင်းမှာလဲ”

 

“သြော် လက်စသတ်တော့ ရည်းစားစကားလိုက်ပြောတာကိုး”

 

“မဟုတ်ရပါဘူးဗျာ ရိုးရိုးစကားပဲ ပြောတာပါ .. လူတွေကလည်း ခက်တယ်နော် ချစ်လို့ချစ်တယ်ပြောတာတောင် ရည်းစားစကားဖြစ်ရတယ်လို့”

 

“တော်ပါ နင့်အကြောင်းလည်း ငါမသိဘူး .. ငါ့အကြောင်းလည်း ..”

 

“အမည် မသီရိ .. ဒုတိယနှစ် Chemistry .. မွေးချင်းမရှိ .. အဖအမည် ..”

 

“တော်ပါတော့ .. နင့်နာမည် ဘယ်လိုခေါ်လဲ”

 

“ရကောက်ကို နောက်ပစ်နဲ့ ရဲ .. ပြီးရင် အဲ့ကောင်ကိုပဲ ပြန်ရင့်လိုက်”

 

“နင် ရှေ့နေနဲ့များ ကျောင်းတက်နေသလား”

 

“မဟုတ်ပါဘူး .. ရိုးရိုးတက်တာပါ … ရှေ့နေတော့ မငှားနိုင်သေးပါဘူး”

 

“ဘာတွေပြောနေပြန်ပြီလဲ Law Major နဲ့ ကျောင်းတက်နေတာလားလို့မေးတာ”

 

“သြော် .. ရှင်းရှင်းမေးလေ .. ဒဿနိကယူထားတာပါ”

 

“ထင်သားပဲ အဲ့ဒါကြောင့် ဒီလောက် အူကြောင်ကြောင်နိုင်ပြီး ရှာရှည်နေတာ”

 

“ထင်တယ်ဆိုရင်လည်း အစကတည်းကပြောပေါ့ .. မိန်းကလေးတွေ အဲ့ဒါပဲ .. တစ်ခုခုဆို သိသလိုလို တတ်သလိုလိုနဲ့ ထင်သားပဲ ထင်သားပဲဆိုတာနဲ့ ကိုင်ကိုင်ပေါက်နေကြတာ .. အမှန်တော့ ဘာမှလည်း သိတာမဟုတ်ဘူး”

 

“အံမယ် .. သိပါတယ်နော် .. ဒီလောက် ပေါတောတောနဲ့ ရှာရှည်ပုံထောက်ကတည်းက .. ဒီဘာသာရပ်တွေထဲကပဲဆိုတာ”

 

“မင်းကပဲ ပြောရတယ်ရှိသေး ..”

 

“ဟာ .. ဟိုမှာ ဖေဖေကြည့်နေတယ်”

 

တိုက်ခန်းအောက်ရောက်လာပြီမို့ အငိုက်ဖမ်းပြီး ပြေးတက်ခဲ့သည်။ သူတော့ မည်သို့ကျန်ခဲ့လိမ့်မည် မသိ … … ။ ဒီလူ ရည်းစားစကားပြောတာတောင် ပြောင်ချော်ချော်နှင့် အတည်တကျမရှိ စိတ်တိုဖို့တော့ အတော်ကောင်းသည်။ သို့သော် စိတ်မတိုဖြစ်သည်မှာလည်း အံ့သြဖို့ကောင်းလှသည်။

 

+++++—–+++++—–

 

“သမီးရေ ဖုန်းလာနေတယ်”

 

“ဟုတ် .. .. ..

ဟဲလို ..”

 

“အဖြေမပေးရသေးဘူးနော်”

 

“ဟင်”

 

“ပါးစပ်ကြီးအဲ့လောက်ဟမနေနဲ့ ပိုးလောက်လန်းတွေ ၀င်ဥကုန်မယ်”

 

“အေးပြော ဟဲ့”

 

“အဖြေလေ အဖြေ”

 

“သြော် ဒါများဟယ် .. စာမျက်နှာခြောက်မှာရှိတယ်”

 

“ဟင်”

 

“နင်ကလည်း နားမကောင်းဘူးလား စာမျက်နှာခြောက်မှာ သိလား နံပါတ်လည်းခြောက်ပဲထင်တယ် အေး ခြောက်တွေထဲမှာပဲ ရှာကြည့်ဟာ .. ဒါပဲနော် .. သြော် ဟဲ့ နင့်ပါးစပ်ကြီးပြန်ပိတ်လိုက်ဦး ယင်ဝင်ဥသွားရင် ဘာအကောင်တွေ ထွက်လာမလဲ နင်သိတယ် မဟုတ်လား”

 

မှတ်ထား ဘာတတ်နိုင်သေးလဲ

 

“သမီး ဘယ်ကကောင်လေးလဲ”

 

“သူငယ်ချင်းပါ မေမေရယ် .. အဖြေမသိလို့တဲ့ လှမ်းမေးတာ”

 

“မောင်ရန်နိုင်နဲ့ တွေ့ဖြစ်ကြသေးလား”

 

ဘာအဖြေလဲ ဆက်မမေး၍တော်သေးသည်

 

“ဖုန်းနဲ့တော့ဆက်ဖြစ်ပါတယ် .. မေမေ စကားတော့ မလွန်ထားနဲ့ဦးနော် .. သူ့မှာလည်း ချစ်သူတွေဘာတွေရှိချင်ရှိနေမှာပေါ့”

 

“ပူမနေပါနဲ့ မေမေ အကုန်မေးပြီးသားပါ”

 

“နောက်ပြီး သမီးဘက်ကလည်း မသေချာသေးဘူး”

 

“ဒါကတော့ သမီးတို့ လူငယ်ချင်း ညှိကြဦးပေါ့ .. မေမေကတော့ မောင်ရန်နိုင့်ကိုပဲ သဘောကျတယ်”

 

“အိပ်တော့မယ် မေမေရေ .. ဒါမှ မနက်စောစော ဈေးသွားပေးနိုင်မှာ”

 

ထိုသူ့အကြောင်းများဆိုလျှင် မိုးလင်းထိအောင်ပြောနိုင်သောကြောင့် အိပ်ရာစောစောဝင်နိုင်မှ … …

 

+++++—–+++++—–

 

ရဲရင့်ကိုမတွေ့ရတာ ဒီနေ့ပါနဲ့ဆို ငါးရက်ပြည့်သွားပြီ … မတွေ့ရတော့လည်း သတိတရ လွမ်းနေသလိုလို … ။ ပျင်းပျင်းရှိသည်နှင့် စန္ဒီ့ကိုသာ လှည်းတန်းတွင်ချိန်းလိုက်ပြီး ကားဂိတ်သို့ ထွက်လာခဲ့သည်။

 

“စန္ဒီ့ဆီသွားမလို့လား .. ဖြတ်လိုက်တော့ သူ့ကောင်လေးနဲ့ ပါသွားပြီ”

 

အသံပိုင်ရှင်မှာ ရဲရင့် .. .. ဘယ်ကဘယ်လို ရောက်လာသည်မသိ

 

“ဟင် .. စန္ဒီ့ကို သိနေတယ်”

 

“ကိုယ့်သူငယ်ချင်းရဲ့ အဆက်ဟောင်းပဲ သိတာပေါ့”

 

“ဒါဆို နင်က မင်းခန့်ရဲ့ သူငယ်ချင်းပေါ့”

 

“အရင်းခေါက်ခေါက်ကြီးဗျာ”

 

“မဖြစ်နိုင်တာ မင်းခန့်ရဲ့ သူငယ်ချင်းတိုင်းလိုလိုကို သိပါတယ်”

 

“အင်းဗျာ ကိုယ်တစ်ယောက်တည်း ကွက်ကျန်ခဲ့တာ စိတ်မကောင်းစရာ”

 

“စိတ်မကောင်းရင်လည်း စိတ်ဆေးရုံသွားရှင်”

 

“လောလောဆယ်တော့ ဘုရားသွားမလို့ .. လိုက်ခဲ့ပါလား”

 

“ဘာကိစ္စလိုက်ရမှာလဲ”

 

“ကိုယ့်မွေးနေ့မို့လို့ပါ”

 

“ရာရာစစ ကိုယ့်မွေးနေ့ဆိုလည်း ကိုယ့်ဘာသာကိုယ်သွားပါလား”

 

“လိုက်ခဲ့ပါလားဗျာ မွေးနေ့မှာ တစ်ယောက်တည်း ဘုရားသွားခဲ့ရတာ ဒီမှာကျောင်းလာတက်ကတည်းကပဲ .. အခု သီရိကိုခေါ်တာ ပထမဦးဆုံးအကြိမ်ပါပဲဗျာ”

 

“မိသားစုက ဒီမှာမဟုတ်ဘူးလား”

 

“ဒါတွေ နောက်မှပြောတာပေါ့ နော် အခု ဘုရားသွားရအောင် နောက်ကျရင် သိပ်မကောင်းဘူးလေ .. စောစောပြန်လာကြတာပေါ့”

 

ဒါကြောင့်ထင်သည် သူ့ကို အခုမှ သတိထားမိသည် တီရှပ်လက်ရှည်အဖြူရောင်၊ အပြာရင့်ရောင်ပုဆိုးကွက်လေးနှင့် သပ်သပ်ရပ်ရပ်ရှိလှသည်။

 

“နင် .. ဘုရား မရှိခိုးဘူးလား”

 

“ဘုရားရှိခိုးချင်ရင် အိမ်ကဘုရားရှိခိုးမှာပေါ့”

 

“ဒါဆိုလည်း ဘာလို့လာနေသေးလဲ”

 

“ပြောပြီးပါကောလား ဒါပထမဦးဆုံးအကြိမ်ပါဆို”

 

“အရင်က မရောက်ဖူးလို့လား”

 

“ရောက်ဖူးပါတယ်”

 

“ဒါများ ပထမအကြိမ်တွေဘာတွေ လုပ်နေသေးတယ် .. ဘုရားပေါ်တက်ပြီး လိမ်ရတယ်လို့”

 

“ဟာ .. ဒီကိုရောက်တာ ပထမအကြိမ်လို့ မပြောရပါဘူး .. မင်းနဲ့ အခုလိုလာရတာ ပထမဦးဆုံးပဲလို့ပြောတာ”

 

“ဒါပေါ့ ဒါပေါ့ အရင်လူတွေတုန်းကလည်း ပထမအကြိမ်တွေရှိခဲ့မှာပေါ့”

 

“မင်း ဗေဒင်ကိုယုံလား”

 

“ယုံတယ်လည်း မဟုတ်ဘူး မယုံဘူးလည်း မဟုတ်ဘူး”

 

“မင်း လက္ခဏာပြပါလား”

 

ဘယ်လိုလူပါလိမ့် ဘုရားပေါ်မှာ ဗေဒင်တွက်စားတဲ့ ဥပဓိရုပ်မျိုးလည်း မဟုတ်ပါဘူး

 

“မင်းက တစ်ယောက်တည်းကိုပဲ သည်းကြီးမည်းကြီးချစ်မှာ”

 

“ဘယ်မိန်းမက နှစ်ယောက်သုံးယောက်ကို သည်းကြီးမည်းကြီးချစ်နိုင်မှာတဲ့တုန်း”

 

“အချစ်ဦးနဲ့ ကွဲလမ်းမြင်တယ်”

 

“ဘယ်သူက မကွဲတာရှိလို့လဲ .. ၁၀၀ မှာ ၉၉ လောက် ကွဲနေကြတာကို”

 

“မင်း ကြေကြေကွဲကွဲကြီး ခံစားနေရတဲ့အချိန် .. မင်းဘေးမှာ မင်းချစ်သူ ရှိနိုင်တော့မှာ မဟုတ်လောက်ဘူး”

 

“ဟောချက်တွေက လန်ထွက်နေတာပဲနော် .. ဘယ်ရည်းစားက သူထားခဲ့လို့ အသဲကွဲနေတဲ့ မိန်းမနား ပြန်ကပ်ဖူးလို့လဲ”

 

“နေပါဦး မင်းဟောမှာလား ငါဟောရမှာလား”

 

“နင်ပဲဟောပါ ငါက ဖြစ်နိုင်တာတွေကို ပြောနေတာ”

 

“မင်း နှစ်ကြိမ်အထက် ရေနစ်ဖူးတယ်”

 

“ဟင်”

 

“စက်ဘီးမှောက်ဖူးတယ် ခေါင်းပေါက်ဖူးတယ်”

 

“နင့်ကို ဘယ်သူပြောလဲ”

 

“ဘယ်သူမှ မပြောဘူး မြင်တာတွေကို ဟောနေတာ”

 

“အပိုတွေ လုပ်မနေနဲ့”

 

“ကိုယ်ပြောတာ မဟုတ်လို့လား .. မင်းသူငယ်ချင်းထဲမှာ ဒီအကြောင်းတွေ ဘယ်သူသိလို့လဲ”

 

“ဒါတော့ ပြောလို့မရဘူးလေ သူငယ်ချင်းထဲမှာ မရှိရင်တောင် အသိတွေထဲမှာ ရှိမှာပေါ့”

 

“သေချာပါတယ် မင်း ဗေဒင်မယုံတတ်ဘူး”

 

“ဘယ်သူပြောပြန်ပြီလဲ”

 

“မင်းပဲ ပြောနေတာလေ .. ယုံတဲ့သူဆိုရင် တစ်ချက်ကလေး မှန်သွားတာနဲ့ ဟုတ်လိုက်တာ မှန်လိုက်တာ ဆိုပြီး ထထအော်တတ်တာ မသိဘူးလား”

 

“ဒါတွေလည်း သိတာပဲလား ဗေဒင်ဟောစားဖူးတယ်ထင်တယ်”

 

“၀ါသနာအရတော့ လေ့လာဖူးတယ် ဟောတော့ မဟောစားဖူးပါဘူး”

 

“ဒါနဲ့ ဘာကိစ္စနဲ့ ငါ့ကိုမှ ဘုရားကိုခေါ်လာတာလဲ”

 

“သိပြီးသားကို မေးနေပြန်ပြီ”

 

“အကောင်းမေးနေတာ အကောင်းဖြေပါ”

 

“အကောင်းဖြေနေတာပဲကွာ”

 

“မဖြေဘူးဆိုရင်လည်း ရတယ် .. ပြန်တော့မယ်”

 

“ဟ .. မင်းကလည်း .. ဘုရားပေါ်ခေါ်လာပါတယ်ဆိုမှ ချစ်လို့ပေါ့”

 

“ဟင် .. ဘာမှလည်း မဆိုင်ဘူး”

 

“ဆိုင်ဆိုင် မဆိုင်ဆိုင်ကွာ အဖြေသိပြီပဲ ကျေနပ်တော့”

 

“သူကပဲ ဒေါသထွက်ရတယ်ရှိသေး”

 

“ကံဆိုတာကြီးကို မကျေနပ်လို့ပါကွာ”

 

“ဒါများ ဖက်ကိုက်လိုက်ရင် ပြီးတာကို”

 

“ကောင်းရောကွာ”

 

“ပြန်တော့မယ်လေ”

 

“ရောက်တာမှ မကြာသေးဘူး”

 

“ရောက်နေတာ ၁ နာရီကျော်နေပြီရှင့်”

 

“မကြာခင်မှာ ..”

 

“မကြာခင်မှာ ဘာဖြစ်မလဲ .. အိမ်ပြန်ရောက်တော့မယ်ပြောမလို့လား .. မှန်လိုက်လေ ဆရာရယ်”

 

အသွားတွင်စိုပြေနေသလောက် အပြန်လမ်းတွင်ခြောက်ကပ်ကပ်နှင့် ကိုယ်လည်း စကားမဆို သူလည်းတိတ်ဆိတ်။ သူ့မျက်နှာကို ကြည့်ရသည်မှာလည်း ဒဿနိကကျောင်းသားပီပီ ဘာတွေတွေးနေမှန်းမသိ။ ဗိုက်ထဲမှ ဆာလောင်မှုကြောင့် တဂွီဂွီနှင့် အော်ကာတောင်းလာကြသည်။ သူကတော့ သတိပင်ထားမိပုံမပေါ်။

 

“ဟဲ့ ရဲရင့် .. တစ်ခုခုဝင်စားရအောင်ဟာ ဗိုက်ဆာလာပြီ”

 

“လှည်းတန်းဘက်မှာဝင်စားကြတာပေါ့”

 

“ဟင့်အင်း .. ဒီမှာလည်း ဆိုင်တန်းတွေရှိသားပဲ လှည်းတန်းရောက်တဲ့အချိန်ဆို အဆာလွန်သွားလိမ့်မယ်”

 

ပြောရင်းနှင့် လမ်းဖြတ်ကူးလာလိုက်သည်။ ဆိုင်တန်းတွေကမနည်း ဘာစားရမည်မသိ အတော့်ကိုတော့ ဆာနေပြီ။

 

“ဟယ်”

 

“အမလေး သေပါပြီတော်”

 

အသံများနှင့်အတူ တစ်ဘက်လမ်းတွင် လူတွေအုံသွားကြသည်မှာ ချက်ချင်းပင် .. သူကလည်း စပ်စပ်စုစု ထိုလူအုပ်ကြီးထဲတွင်မြုပ်နေလေသည် .. ဗိုက်ကဆာလာပြီမို့ စိတ်ကတိုလာသည်။

 

“ရဲရင့် .. ဟဲ့ ရဲရင့်”

 

ရှိရှိသမျှအသံကုန်သုံးလည်း ကိုတော်ချောက မကြားဘူးထင် … … ။ စိတ်တိုတိုနှင့်ပင် ကားလမ်းပြန်ကူးပြီး လူအုပ်ကြားထဲတွင်ဝင်တိုးလာခဲ့သည် .. ရဲရင့် တော်တော်စပ်စုတဲ့ကောင် … …

 

“ဖုန်းရှိတဲ့သူတွေ ဆေးရုံတင်ကားခေါ်ကြလေဗျာ ဘာကြောင်ကြည့်နေကြတာလဲ”

 

“ဟယ် .. သေပြီလားတောင် မသိပါဘူးဟယ်”

 

“ဟိုကောင် ဆိုင်ကယ်မောင်းလာတဲ့ကောင် တော်တော်မိုက်ရိုင်းတယ်ကွာ တိုက်ပြီးထွက်ပြေးသွားတယ်”

 

“ဟဲ့ ရဲရင့် .. ..”

 

ဟင် .. .. ရဲ ရင့် .. .. ဘာလဲ ဘယ်လိုဖြစ်သွားတာလဲ ရဲရင့် မဟုတ်ဘူးမှတ်လား .. ဟုတ်ပါတယ် ဒါ ရဲရင့်မဟုတ်ပါဘူး မဟုတ်ဘူး … …

 

“အဲ့ကောင်မလေးမဟုတ်လားအေ့”

 

“ဟုတ်မယ်ထင်တယ် .. ညည်းသူငယ်ချင်းလေးလားကွယ် .. ညည်းဟိုဘက်ကားလမ်းကို ကူးသွားတော့ သူကအနောက်ကနေ လိုက်တဲ့အချိန် ဆိုင်ကယ်တစ်စီးက လမ်းကြားကနေ ထွက်လာတာအေ သူ့ခင်ဗျာ ရှောင်ချိန်တောင် မရလိုက်ပါဘူး”

 

မဟုတ်ဘူး … မဟုတ်ဘူး … ဘာတွေလာပြောနေတာလဲ ဒါဘယ်သူကြီးလဲ … သူ မဟုတ်ဘူး … ဟင့်အင်း သူ မဟုတ်ဘူး .. .. ။

 

“မဟုတ်ပါဘူး သူက ရဲရင့်မှ မဟုတ်တာ လူမှားနေကြတာနေမှာပါ မဟုတ်ဘူး … မဟုတ်ဘူး … သူ မဟုတ်ဘူး”

 

“ဟဲ့ ကောင်မလေး စိတ်ထိန်းဦးလေ .. ခက်တော့တာပဲ”

 

“မဟုတ်ဘူး … ဒါ ရဲရင့် မဟုတ်ဘူး”

 

သည်းထန်စွာအော်ဟစ် ငိုကြွေးရင်း ငါ့နှလုံးအိမ်ကြီး ပေါက်ထွက်မတတ်

 

“ရဲရင့် .. ဟဲ့ ထူးပါဦးဟယ် .. ရဲရင့် ငါ့ကိုအဲ့လိုကြီး မခြောက်ပါနဲ့ဟယ် နော် .. ရဲရင့် ငါခေါ်နေတယ်လေဟာ ထူးပါဦး … … ကြည့်ပေးကြပါဦးရှင် ရဲရင့်ကို ကြည့်ပေးကြပါဦး … သူ … သူ ဘာလို့ မလှုပ်တော့တာလဲဟင် … သူမလှုပ်တော့ဘူး ကြည့်ပေးကြပါဦးရှင်”

 

“စိတ်ထိန်းဦးလေ သမီး … ခဏနေရင် လူနာတင်ကားလာတော့မှာပါ”

 

“မဟုတ်ဘူး … ရဲရင့် … ရဲရင့် သူလေ သူ မလှုပ်တော့ဘူး … နှလုံးခုန်သံ နှလုံးခုန်သံလေး ကြည့်ပေးကြပါဦး”

 

သွေးအိုင်ထဲက ချစ်သူကို ပွေ့ထူထားရင်း နှလုံးခုန်သံကို ရှိုက်ကြီးတငင်နားထောင်နေသော်လည်း အလှမ်းဝေးနေသလို .. .. ပွေ့ဖက်ထားတဲ့ ချစ်သူ့ကိုယ်မှာ နွေးထွေးနေဆဲ … … ။

 

+++++—–+++++—–

 

“မင်းခန့် နင်ပြောသလိုဆိုရင် နင့်သူငယ်ချင်းက သူဖြစ်မှာကို ကြိုသိနေခဲ့တယ်ပေါ့”

 

“အေး .. ဒီကောင်က ဗေဒင်ကို ၀ါသနာပါသလောက် မှန်သင့်သလောက်လည်း မှန်တယ်ဟ .. ငါ့ကိုသူ ဟောပေးတုန်းကဆိုရင်လည်း မတွေးရဲစရာဟာ .. အဲ့နေ့က ငါ့မှာ စားလို့တောင် မ၀င်ဘူး”

 

“ဘာဖြစ်သွားလို့လဲ”

 

“ဘာဖြစ်ရမှာလဲ .. ငါ့ကိုပြောတယ်လေ မိုးရွာထဲမှာ သတိထားသွားတဲ့ .. မင်း သွားတွေကျွတ်မှာ ငါမြင်ယောင်နေတယ်တဲ့လေ”

 

“အဲ့ဒါနဲ့ နင်က ဘယ်မှမသွားတော့ဘဲ သွားကျွတ်မှာကိုတွေးပြီး စားမ၀င် အိပ်မပျော်ဖြစ်သွားတယ်ပေါ့”

 

“ဟုတ်မယ် အားကြီးကြီး … ငါဆိုတာ ငယ်ငယ်ကတည်းက မယုံလာတဲ့ကောင် ဒီကောင်ဘယ်လိုပြောပြော ငါက ဂရုစိုက်မယ်ထင်နေလို့လား … အဲ့နေ့က နေ့လည်ဘက် ငါ့ဆိုင်ကနေအိမ်အပြန် မိုးဖွဲဖွဲလေးကျနေတယ် အဲ့ဒါနဲ့ ဆိုင်ကကောင်လေးက အစ်ကို ကျွန်တော့စက်ဘီးယူသွားဆိုတာနဲ့ စက်ဘီးနဲ့ပြန်လိမ့်လာတာ လမ်းမှာ စက်ဘီးတစ်စီးနဲ့ ငြိပြီး ဒီကောင်ပြောသလိုပဲ သွားတွေကျွတ်တော့မလို့ နည်းနည်းပဲလိုတယ် … ထမင်းတော့ သုံးလေးရက်လောက် မစားနိုင်ဖြစ်သွားတယ်”

 

“ဟင် အဲ့လောက်တောင်ပဲလား .. .. အခုကိစ္စမှာကော နင်ဘယ်လိုမြင်လဲ”

 

“နင့်ကိုပြောပြီးပြီပဲဟာ .. အဲ့နေ့က ငါ့ဆီလာပြီး နင့်ကိုခေါ်ထုတ်သွားဖို့ပြောတယ် .. သူ သီရိနဲ့ ဘုရားသွားချင်တဲ့အကြောင်း သူ့ရဲ့မွေးနေ့ကို မကျော်နိုင်မှာစိုးရိမ်မိတဲ့အကြောင်း .. သူ့မှာ အချိန်သိပ်မရှိတော့ဘူးဆိုတဲ့အကြောင်း အဲ့ဒါတွေကို ဖောင်ဖွဲ့ပြောသွားတာပါပဲဟာ .. ငါ့မှာလည်း မယုံရခက် ယုံရခက်နဲ့ နင့်ကိုလာခေါ်ခဲ့ရတာပဲ”

 

“ဒါဆို သူက သီရိကို တကယ်ချစ်ခဲ့တာပေါ့”

 

“ဟ .. တကယ်မချစ်ဘဲ သူ့နောက်ဆုံးအချိန်လေးမှာ အတူရှိနေဖို့ ကြိုးစားသွားမလား”

 

“ဒါပေမဲ့ အဲ့လိုလုပ်ဖို့တော့ မကောင်းပါဘူးဟယ် .. သီရိ သနားပါတယ် သူ့ခင်ဗျာမှာရူးမတတ်ပဲ”

 

“ဒါကတော့ဟာ .. ဒီကောင်လည်း အဲ့လောက်မြန်မြန်နဲ့ အခုလိုမျိုးကြီး ဖြစ်သွားလိမ့်မယ်လို့ ကြိုမမြင်ခဲ့လို့နေမှာပေါ့”

 

“သူက ဘယ်အချိန်မှာ သိသွားလို့လဲ”

 

“ဒါတော့ငါလည်း အတိအကျမသိဘူး .. သိပ်တော့ကြာဦးမှာမဟုတ်လောက်ဘူး .. ငါသတိထားမိလိုက်တာကတော့ ဒီကောင်တော်တော်ပျော်နေတဲ့အချိန်တွေကိုပဲ .. သူ့ဖူးစာရှင်ကိုတွေ့ပြီဆိုပြီးတော့လေ .. ရူးလည်း ရူးပါ့ကွာ”

 

“ဟဲ့ .. သီရိ ဘာလို့ပြန်လာတာလဲ အိမ်ပြန်အနားယူပါဦးလို့ ပြောထားတဲ့ကြားကနေဟယ် .. ပြီးရင် ထပ်ပြီးမူးလဲနေဦးမယ်”

 

“ရပါတယ်စန္ဒီရာ .. ငါအိမ်မှာ အိပ်ခဲ့ပါသေးတယ် .. မင်းခန့်လည်း ရောက်နေတယ်လား”

 

“အင်း .. နင့်ကြည့်ရတာလည်း မသက်သာလိုက်တာဟာ လူနာကမှ ၀ဖြိုးနေဦးမယ် .. ရဲရင့်ရေ မင်းလည်း မြန်မြန်သတိပြန်ရမှပဲဟေ့ မဟုတ်ရင် မင်းတကယ်မလဲပဲ သီရိလဲတော့မယ်ကွ”

 

ပြုလုပ်နေကျအတိုင်း ချစ်သူ့လက်ကလေးကိုကိုင်ကြည့်မိတော့ ပိုနွေးလာသလိုလို … … ကိုယ့်လက်ကိုပဲ ပြန်ကိုင်ထားသလိုလို … …

 

“သိပ်လည်း စိုးရိမ်မနေပါနဲ့ဟာ .. ဆရာဝန်တွေကိုယ်တိုင် စိုးရိမ်စရာမရှိတော့ပါဘူးလို့ပြောပြီးပြီပဲ”

 

“အင်းပါဟာ .. ငါသူ့အနားမှာ အမြဲရှိနေမယ်ဆိုတာ သူ့ကိုသိစေချင်လို့ပါ”

 

ချစ်သူ့ရင်ဘတ်နား အသာကပ်ပြီး နားထောင်ကြည့်မိသည် .. နှလုံးခုန်သံတွေမြန်နေသည်ထင် … … ။         ။

 

 

မေခက်ဆူး

03/08/2011

(2:45PM)

Venus ရဲ့ သံတမန်

ငါ တောင့်တခဲ့ရဖူးတဲ့ သူမ

မထိတွေ့နိုင်ခင်ကတည်းက အသံလေးနဲ့တင်

ငါ့ရင်တစ်ခုလုံးကို ဗြောင်းဆန်အောင်

မွှေလို့သွားခဲ့ပေါ့ … …

လှို့ဝှက်နက်ရှိုင်းလွန်းလှတဲ့ သူမရဲ့ သဏ္ဌာန်ကို

စေ့စေ့ကြည့်ရပါ့မလားဆိုပြီး

ငါ့ညတွေကို သတ်ပစ်ခဲ့ရက်လေခြင်း … …

ကိုယ်တိုင်ဘာသာမပြန်နိုင်တဲ့

ရင်ခုန်သံရဲ့ ဝေါဟာရတွေကို

သူမရဲ့ အဘိဓါန်ကြီးနဲ့

ကြိုက်သလို ချယ်လှယ် ဖွင့်ဆိုခဲ့လေရဲ့ … …

သူမနဲ့ အကွက်ရွှေ့ကစားဖို့

ကြိုးစားခဲ့တိုင်းလည်း

ငါ့ ပျော်ရွှင်မှုတွေကိုသာ

ကျေကျေနပ်နပ်ကြီး ထိုးကျွေးပစ်ခဲ့ရစမြဲ … …

သူမနဲ့အတူ တိမ်တွေပေါ်မှာ

ပျော်ရွှင်ကြည်နူးခဲ့ဖူးသလို

သမုဒ္ဒရာကြမ်းပြင်အောက်

နစ်မွန်းခဲ့ရတဲ့ အကြိမ်ကလည်းမနည်း … …

ဒီလိုနဲ့ သူမဟာ

ငါ့ဘ၀ရဲ့ အစိတ်အပိုင်းတွေကို

ဖဲ့ကာဖဲ့ကာ ခြွေယူနေခဲ့ရင်း

သူမရဲ့ တစ်စိတ်တစ်ဒေသကို

ပုံဖေါ်ပြသခဲ့သလို … …

သူမ မရှိတော့တဲ့ ဘ၀မှာ

နေသားကျနေပါပြီလို့ ဟစ်ကြွေးခဲ့တိုင်း

လှောင်ပြုံးတွေနဲ့အတူ သရော်နေရင်းက

ဟုတ်ရဲ့လား လို့သာ အမြဲမေးနေခဲ့တယ် … …

သူမကိုယ်သူမ ထုတ်ဖေါ်ဖွင့်ဟခြင်း မရှိသော်လည်း

အလွန်တရာမှ ကျော်ဇောထင်ရှားလွန်းလှတဲ့ သူမ

လူတကာရဲ့ ပါးစပ်ဖျားမှာ ကြီးစိုးနေရင်းနဲ့

ငါ့ဆီကနေ ကျေကျေနပ်နပ်ကြီး

ထွက်ခွါသွားသည် ထင်လေရဲ့ … …

အခုချိန်မှာတော့

နားလည်မှုတွေအပြည့်နဲ့ ပြန်ဝင်ရောက်လာမယ့်

သူမရဲ့ ခြေသံတွေကို

ဘယ်ဘက်ရင်အုံထဲက

Volume တွေလျှော့ထားရင်း

သူမ မသိအောင် တိတ်တိတ်ကလေး နားစွင့်နေမိတယ် … … ။          ။

 

 

မေခက်ဆူး

29/07/2011

(10:00PM)

အချိန်ရယ်တန်ပါမှ ဝေစေ့ချင်

ဝေ့၀ဲကျလာသော ဆံနွယ်စများကို မျက်နှာပေါ်မှ သပ်တင်ရင်း တန်ခူးလေနှင့်အတူ လွင့်ပါလာသည့် ပိတောက်ပန်းနံ့ သင်းသင်းလေးများအကြား အသက်၀၀ရှုရှိုက်ရင်း ငေးစိုက်ကြည့်နေမိသည့် ကန်ရေပြင်သည် ပကတိတည်ငြိမ်နေသလောက် စိတ်အစဉ်မှာရွေ့လျားကာ အတိတ်ကာလများဆီသို့ … …

“မမ တစ်ယောက်တည်း ဘာတွေကစားနေတာလဲဟင်”

အသံလာရာဘက်သို့ လှည့်ကြည့်မိတော့ ကိုယ်နှင့်မတိမ်းမယိမ်းအရွယ် ကောင်မလေး။ အဖြူရောင်ဂါဝန်လေး ၀တ်ဆင်ထားကာ ပုခုံးပေါ်ဝဲကျနေသည့် ဆံပင်လေးများမှာ ယိမ်းထိုးနေရင်း လက်ကလေးနောက်ပစ်လျှက် မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ပြုံးကြည့်နေသည်မှာ အရုပ်မလေးသဖွယ်။ မမဆိုသော အခေါ်အဝေါ်ကြောင့် ကိုယ့်ထက်ငယ်မည်ဟု စိတ်ထဲကောက်ချက်ချလိုက်ရင်း

“ညီမလေးက ဘယ်သူလဲ … ဘယ်ကလဲ … ဘယ်လိုလုပ်ပြီး ခြံထဲကိုရောက်လာတာလဲ”

ကိုယ်ကိုယ်တိုင်က လူကြီးတစ်ယောက် မဟုတ်သေးသော်လည်း အိမ်တွင် ကိုယ့်ထက်အငယ်မရှိသောကြောင့် အမြဲလိုလို ကိုယ့်ကို ကလေးသဖွယ် ဆက်ဆံနေကြသည်ကို ပျင်းရိငြီးငွေ့လာပြီဖြစ်ရာ ဤတစ်ကြိမ်တွင် ကိုယ့်ထက် ငယ်သူနှင့် တွေ့လိုက်ရသောကြောင့် လူကြီးလေသံဖမ်းကာ မေးလိုက်ခြင်းဖြစ်သည်။

“ညီမလေးနာမည်က လဲ့သွယ်ခိုင် မမ … ဟိုဘက်အိမ်မှာနေတယ်လေ”

သူကလေး လက်ညှိုးထိုးပြလိုက်သော အိမ်မှာ တစ်မိသားစုလုံး နိုင်ငံခြားသို့ပြောင်းသွားကြ၍ မည်သူမျှမရှိသဖြင့် သော့ခတ်ထားသည့် အိမ်ဖြစ်နေသောကြောင့်

“ဘာ … လူကြီးကို ညာတယ်ပေါ့ .. အဲ့အိမ်မှာ ဘယ်သူမှမနေတာ ငါသိတယ်”

“မဟုတ်ဘူး .. ညီမလေး မညာပါဘူး .. မယုံရင် မာမီနဲ့ ဒယ်ဒီ့ကိုမေးကြည့်ပေါ့ .. ညီမလေးတို့က အဲ့အိမ်ကြီးမှာ နေတာ”

“ဘယ်မှာလဲ မာမီနဲ့ ဒယ်ဒီဆိုတာက”

“မမတို့ အိမ်ပေါ်မှာလေ”

မည်မျှလောက် အဆော့မက်လိုက်သည် မသိ။ ကိုယ့်အိမ်ပေါ်သို့ ဧည့်သည်တွေရောက်နေကြသည်ကိုပင် သတိမထားမိလိုက်။

“လာ လိုက်ခဲ့ .. အိမ်ပေါ်ကိုသွားမယ်”

“ဟင့်အင်း မသွားချင်ပါဘူး .. ပျင်းစရာကြီး မမနဲ့ကစားလို့ရတယ်လို့ အန်တီက ပြောလို့ လာခဲ့တာ .. မမက ဘာတွေကစားနေတာလဲဟင်”

“ဘယ်မှာကစားနေလို့လဲ ဒီမှာအိုးတွေခွက်တွေ သိမ်းနေတာ”

ပြောရင်းနှင့် ရှိရှိသမျှအိုးပုတ်တွေကိုလည်း ထိုးပြလိုက်လေသည်။

“ဟယ် … ချစ်စရာလေးတွေ .. အဲ့ဒါလေးတွေက ကြွေလေးတွေမဟုတ်လားဟင် မမ .. လှတယ်နော် .. ညီမလေးကို မာမီက မ၀ယ်ပေးဘူး မမရဲ့ .. ကွဲရင် လက်ရှတတ်တယ်တဲ့”

“ညီမလေးက ငယ်သေးတာကိုး”

“မမက အသက်ဘယ်လောက်ရှိပြီလဲ”

“လာမယ့် ၁၄ ရက်မှာ ၉ နှစ်ပြည့်တော့မှာ”

“ညီမလေးထက် တစ်နှစ်ပဲကြီးတယ်”

“ဘာပဲပြောပြော ငယ်တာပဲလေ .. အခုချိန်ကစပြီး လူကြီးစကားကို နားထောင်ရမယ် .. ညီမလေးမှာ မောင်နှမတွေရှိလား”

“ဟင့်အင်း မရှိဘူး မမ”

“ဟုတ်လား … အင်း ကောင်းတယ် .. အခုရှိသွားပြီပေါ့ .. မမက ညီမလေးရဲ့ အစ်မလုပ်မယ် .. နောက်တစ်ခါ ဘယ်သူမေးမေး အစ်မရှိတယ်လို့ဖြေရမယ် မှတ်ထားနော်”

“ဟုတ်”

ခေါင်းလေးတညိမ့်ညိမ့်လုပ်ရင်း ပြုံးပြနေသည်မှာ အလွန်ချစ်စရာကောင်းသည့် သတ္တ၀ါလေးပါလား … … ။

မေမေတို့ပြောနေကြသည့် စကားများအရ ညီမလေး၏မိဘများမှာ မန္တလေးမှပြောင်းလာကြသော မေမေ့ကျောင်းနေဖက် သူငယ်ချင်းများဖြစ်ကြသည်။ ရန်ကုန်သို့ ပြောင်းလာကြသည့်အချိန်မှာ ဘေးချင်းကပ်အိမ်ကိုရောင်းရန် ပြောလာကြသည့်အချိန်နှင့် အံဝင်ခွင်ကျဖြစ်သွားသောကြောင့် ထိုအိမ်ကိုသာ ၀ယ်လိုက်ကြခြင်းဖြစ်သည်ဟုဆိုသည်။

“မေမေ သမီး အဲ့ညီမလေးကို လိုချင်တယ်”

“မေကြီးရေ မင်းသမီးကတော့ ဒုက္ခပေးဖို့ လူထပ်ရှာနေပြီထင်တယ်ဟေ့”

“ဟာ … ဖေကြီးကလည်း သမီးက ညီမလေးကို ချစ်လို့လိုချင်တာပါ .. သူကအရမ်းချစ်ဖို့ကောင်းတာပဲ သမီးအရမ်းလိုချင်တဲ့ ဘိုမရုပ်လေးနဲ့တူတယ် နော် … မေမေ နော်”

“သြော် ဒါဆို သမီးက ကစားဖို့ပဲလိုချင်တာပေါ့ ဟုတ်လား .. မလုပ်ပါနဲ့ သမီးရယ် ဖြူဖြူကစ်ကစ်ကလေးကနေ သမီးကစားလိုက်လို့ မည်းမည်းညစ်ညစ်ကလေး ဖြစ်သွားပါဦးမယ် .. ဒါပဲနော် သမီး .. ညီမလေးနဲ့ ကစားရင် သူ့အလိုလိုက်ရမယ်နော် .. အခု သမီးက အကြီးဖြစ်သွားပြီ .. ငယ်သူကို ဘာဖြစ်ရမယ်”

“သနားရမယ်”

“အင်း ဟုတ်ပြီ .. ဒါပေမဲ့ အပိုင်တော့ ယူထားလို့မရဘူးလေနော် .. သမီးကစားချင်ရင် ညီမလေးအိမ်မှာပဲဖြစ်ဖြစ် သမီးအိမ်မှာပဲဖြစ်ဖြစ် အတူတူကစားကြပေါ့ .. အိမ်ချင်းကပ်လျှက်ပဲဟာ ဘယ်အိမ်မှာပဲ ကစားကစား ရပါတယ် .. ထမင်းစားချိန်နဲ့ အိပ်ချိန်တွေတော့ သူများအိမ်မှာနေလို့ မရဘူးနော် .. မေမေပြောတာ သဘောပေါက်တယ်နော်”

“ဟုတ်ကဲ့ … ဒါဆို အခု ညီမလေးကို သွားခေါ်လိုက်ဦးမယ်နော်”

ဤသို့နှင့် မောင်နှမငတ်မွတ်နေကြသူချင်းအတူတူ တစ်ယောက်နှင့်တစ်ယောက် ညီအစ်မရင်းချာသကဲ့သို့ ချစ်ခင်တွယ်တာလာခဲ့ကြရာ စားအတူ လာအတူ သွားအတူနှင့် ညီမလေးသည် ကိုယ့်ဘ၀ထဲသို့ ၀င်ရောက်လာသည့် တစ်ဦးတည်းသော အတွယ်တာရဆုံးသူလေး ဖြစ်လာခဲ့လေသည်။

ရာသီတွေ အလီလီပြောင်းလို့ ပွင့်လွှာလေးတွေလည်း အကြိမ်ကြိမ်ဝေခဲ့ ကြွေခဲ့ကြပြီးပြီ။ ယခုဆိုလျှင် ညီမလေးသည်လည်း ပထမနှစ် တက္ကသိုလ်ကျောင်းသူပင် ဖြစ်လာခဲ့ပေသည်။

“မမ ဒါလေးကို ကြည့်ပါဦး လှလားလို့ …

ဟယ် ဒီအရောင်လေးက လှလိုက်တာ ၀င်းနေတာပဲ

မမ ဒီမှာကြည့်စမ်း အဖြူရောင်ပိုးထည်လေး အသားလေးကောင်းလိုက်တာ အိနေတာပဲ … မမ …”

“ဟဲ့ ဘယ်လိုဖြစ်နေတုန်း .. ဒီမှာ လူကြီးက ကောင်းတာလေးတွေပဲ ရွေးပေးနေတာကို .. လက်ထဲမှာ ကိုင်ထားတဲ့အစက ဘာလုပ်ဖို့လဲ”

“စကတ်ချုပ်ဝတ်မလို့လေ မမရဲ့ လှတယ်ဟုတ်”

“ဒီလောက် တိုနန့်နန့်အစကို မယူစမ်းနဲ့ ပြန်ထားလိုက်”

“မမကလည်း လူငယ်ဖြစ်ပြီး ဒီလောက်တောင်မှ ခေတ်မဆန်ဘူး”

“ဒါမျိုးတွေက ခေတ်ဆန်တယ် … ညီမလေးရယ် ဘယ်လိုများကြည့်ပြီးပြောပါလိမ့် .. ဒီလို တိုနန့်နန့်တွေဆိုတာ ခေတ်ဆန်တာ မဟုတ်ဘူး .. အဲ့ဒါ ခေတ်ပြန်နေကြတာ .. ၀တ်စရာကလည်းမရှိ ၀တ်ရကောင်းမှန်းလည်းမသိလို့ မပေါ်ရုံလေး ၀တ်ဆင်ကြတဲ့ခေတ်ကို တစ်ကြော့ပြန်နေကြတာ .. နောင်များဆို သူတို့တွေလိုပဲ ဟီရိသြတ္တပ္ပတရားကို သိကြမှာတောင် မဟုတ်တော့ဘူး .. နောက်ပြီး ဒါတွေဝတ်ရင် ညီမလေး ဒယ်ဒီနဲ့ ထိပ်တိုက်တွေ့မှာ မသိဘူးလား”

“သိပါ့ သိပါ့ .. အဲ့ဒါကြောင့်လည်း ဒီအချိန်ထိ မာမီဆင်ပေးတာပဲ ၀တ်နေရတာပေါ့ .. ကြည့်ပါဦး ညီမလေးပုံကိုလည်း … ကျောင်းမှာဆို အဘွားအိုပေါက်စလို့တောင် အမည်တွင်နေပြီ .. သူငယ်ချင်းတွေကလည်း ပြောကြသေးတယ် လူလေးက လှချင်ရက်နဲ့ Style ကြီးကဖျက်နေတယ်တဲ့လေ”

“မမရဲ့ ညီမလေးက လှပြီးသားပါ .. အလှတရားဆိုတာ မမြင်သင့်၊ မမြင်အပ်တာတွေ ဖေါ်ပြထုတ်ပြမှ ထွက်ပေါ်လာတဲ့ အရာမဟုတ်ပါဘူး ညီမလေးရဲ့ .. မိန်းကလေးမို့ လှချင်တာ မမလက်ခံပါတယ် .. ကိုယ့်ကိုယ်ကို လှတယ်ထင်လေ ယုံကြည်မှုရှိလေပဲလေ .. မမကိုယ်တိုင်လည်း အလှကြိုက်ပါတယ် အလှအပကြိုက်တာ မိန်းကလေးတွေရဲ့ မွေးရာပါသဘာဝစိတ် .. ဒါပေမဲ့ အဲ့ဒီ့စိတ်ကလေးဟာ ဟိုဖေါ်ဒီဖေါ်နဲ့ လူတွေအကြည့်ခံချင်တဲ့သဘောမှာ အခြေမကျဘူး .. ဒီလောက်ဆို ညီမလေး သဘောပေါက်လိမ့်မယ်လို့ မမထင်တယ် .. လူတချို့က လှလို့ကြည့်တယ် .. တချို့ကတော့ ပြလို့ကြည့်တယ် .. ကိုယ့်အလှကိုယ် တန်ဖိုးထားရင် လှလို့အကြည့်ခံရတာပဲ ဖြစ်ပါစေလေ .. ညီမလေးက လိမ္မာပါတယ် ဒါကြီးပြန်ချိတ်ခဲ့လိုက် နော်”

“ဟုတ်ကဲ့ပါရှင် … မမကိုများ အဖော်ရမလားလို့ ညှိကြည့်ပါတယ် မာမီ့လေသံအတိုင်းပဲ ..

သြော် ဒါနဲ့ မမ … ဒီနေ့ညနေ မမကို သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ် .. ဒီက အပြန်မှာပေါ့”

“ယောက်ျားလေး သူငယ်ချင်းဟုတ်”

“ဟယ် … သိနေလိုက်တာ .. မမ ဗေဒင်ဟောစားလို့ရပြီ။ အဟိဟိ”

“အံမယ် … အခုမှ လာဖားမနေပါနဲ့ .. အရင်တုန်းက ဈေးဝယ်လိုက်ရမှာ ပျင်းလွန်းလို့တွယ်ကပ်နေတဲ့လူက ခုလို အချိန်ကြာကြာဈေးထဲမှာ လိုက်ပတ်နေတာ အစီစဉ်တစ်ခုခု ရှိလို့ပေါ့ .. ဒါပဲနော် တက္ကသိုလ်ကျောင်းသူဆိုပြီး ကိုယ့်ကိုယ်ကို ချစ်သူရည်းစားထားခွင့် လက်မှတ် ရပြီလို့ ထင်မနေနဲ့။ ညီမလေးက ငယ်သေးတယ် .. လူငယ်ပီပီ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် နေဦး .. အဲ့ဒါတွေ ခေါင်းထဲထည့်ပြီး စိတ်အပင်ပန်းခံမနေနဲ့ ကြားလား”

“ဟုတ်ကဲ့ပါ မမရ .. အခုက ရိုးရိုးသူငယ်ချင်းပါ”

“ဟုတ်ပါတယ် .. နောက်ဆို ဆန်းဆန်းဖြစ်လာမှာစိုးလို့ ကြိုပြောနေရတာ”

“သူက စာလည်းတော်တယ်၊ ရုပ်လည်းဖြောင့်တယ် မမရဲ့ သိလား အဟီးး .. ကျောင်းမှာဆို ကောင်မလေးတွေ ၀ိုင်းနေတာပဲ .. ဒါပေမဲ့ သူက ညီမလေးတို့ကိုပဲခင်တယ်တဲ့ သူငယ်ချင်းလည်း သိပ်မထားဘူး အရမ်းလည်း အေးတယ် မမရဲ့”

“အင်းပါ ဟုတ်ပါပြီ .. မျက်နှာကလည်း အပိုးကိုမကျိုးဘူး .. မမပြောတာတွေ ခေါင်းထဲထည့်ပြီး သေချာစဉ်းစား .. ဒီဦးနှောက်လေးကို အမြဲတိုက်ချွတ်နေ မှိုအတက်မခံနဲ့ ကြားလား”

လက်လေးပိုက်ကာ ပြုံးစိစိလုပ်နေသည်မှာ ပီဘိအပြစ်ကင်းစင်သော ကလေးငယ်လေး တစ်ယောက်အသွင်။ ဖြူဖြူစင်စင် မျက်နှာလေးတွင် မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့် နှုတ်ခမ်းဖူးဖူးလေးတွေမှာ အလွန်ချစ်ဖို့ကောင်းကြသလို အလွန်လည်း လှလာကြသည်ဟုထင်။

ဟိုဆိုင်ဝင် သည်ဆိုင်ထွက်နှင့် ညနေ ၄ နာရီပင် ထိုးလုပြီ။

“ညီမလေးရေ အိမ်ကို ၅ နာရီမထိုးခင်အရောက်ပြန်မှာနော် .. သိပ်နောက်ကျရင် မကောင်းဘူး”

“ဟုတ် .. ဒါဆိုသွားကြမယ်လေ”

“ဟင် … ညီမလေးပြောတော့ သူငယ်ချင်းနဲ့ တွေ့မလို့ဆို”

“ဟုတ်တယ်လေ မမ .. အပြန်လမ်းမှာလေ ခဏပါပဲ မမရဲ့။”

“ကောင်းပြီ ကောင်းပြီ”

အပြန်လမ်းတွင် နားထောင်လိုက်သည့် သီချင်းများမှာ သီချင်းနှင့်ပင် မတူ။ အော်ကာဟစ်ကာ ဆူကာဆဲကာ နေကြသော အသံများအတိုင်း … …

“ညီမလေးရယ် … သီချင်းတွေကလည်း အော်လိုက်၊ ငေါက်လိုက်၊ ဆူလိုက်၊ ဆဲလိုက်နဲ့တင် တစ်ပုဒ်ပြီးတစ်ပုဒ် ပြီးပြီးသွားတယ် .. သီချင်းစာသားဆိုတာ ဘာမှကိုမရှိဘူး”

“ညီမလေးလည်း သူငယ်ချင်း တစ်ယောက်က ကောင်းတယ်ဆိုပြီး ပေးလိုက်လို့ အခုမှနားထောင်ကြည့်ရတာ မမရဲ့”

“အဲ့ဒါဆိုလည်း ပြန်ပေးရင် တစ်ခါတည်းပြောလိုက် နင့်သီချင်းတွေနားထောင်ရတာ ငရဲပြည်ကိုအရှင်လတ်လတ်ရောက်သွားသလိုပဲလို့ … နော် .. ဘယ့်နှယ့် သီချင်းဆိုနေတာနဲ့မှ မတူတာ ငရဲသားတွေ အော်ဟစ်သံကျနေတာပဲ .. နောက် ဘယ်တော့မှ နားမထောင်နဲ့ ကြားလား .. ဘာရသမှလည်း မပါ၊ ဘာသုတမှလည်း မပေးနိုင်တဲ့အပြင် အကုသိုလ်ကို အခွေထုတ်ပြီး ရောင်းစားရတယ်လို့”

“ဟုတ်ကဲ့ပါ မမရယ် … အခုလည်း နားမထောင်တော့ပါဘူး .. ပိတ်လိုက်တော့မယ်

အဲ … … မမ ဟိုမှာ ဟိုမှာ … အရှေ့မှာ ရပ်ထားတဲ့ကား မမ

အဲ့မှာ ရပ်စောင့်နေတဲ့ တစ်ယောက်လေ”

ကြည့်လိုက်တော့ လူပုံလေးက ခပ်အေးအေးလေးပင်။ T Shirt လက်တိုအဖြူရောင်၊ ပုဆိုးအပြာရင့်ရောင်ကလေးနှင့် ကားတံခါးကို နောက်ခိုင်းမှီကာ ရပ်စောင့်နေသည်။

“မမ ဒါက ညီမလေး သူငယ်ချင်း ဘုန်းထွဋ် တဲ့ … ဟဲ့ ဘုန်းထွဋ် ဒါက ငါ့ရဲ့ တစ်ဦးတည်းသော မမ … မမလဲ့ဝတ်ရည် တဲ့ မှတ်ထားနော်”

“ဟုတ်ကဲ့ ခင်ဗျ .. ကျွန်တော်လည်း လဲ့သွယ် ခေါ်သလို မမလို့ပဲ ခေါ်မယ်နော်။”

အာသွက်လျှာသွက်ကလေးပဲ နာမည်အပြည့်စုံ လဲ့သွယ်ခိုင် လို့မသုံးပါပဲ လဲ့သွယ်တဲ့လား … …

“လဲ့သွယ်က သူ့မမနဲ့မိတ်ဆက်ပေးမယ်ပြောတုန်းက အသက်တော်တော်ကွာမယ်ထင်နေတာ .. ခုတော့ မတိမ်းမယိမ်း သူငယ်ချင်းတွေလိုပဲနော်”

“ဟုတ်လား … ထင်လို့နေမှာပါ”

ပြုံး၍သာ ဆိုလိုက်သော်လည်း စိတ်ထဲတွင် မနှစ်မြို့သည်ကတော့ အမှန်။ လူတစ်ယောက်၏ စိတ်တံခါးပေါက်သည် မျက်လုံးဟုဆိုနိုင်ပါလျှင် သူ့မျက်လုံးများကို ကြည့်ရသည်မှာ တည်တည်ကြည်ကြည် လေးလေးနက်နက်ထဲတွင် မပါသလိုပါပင်။ သို့သော် လူတစ်ယောက်ကို တစ်ခါတည်းမြင်ရုံနှင့် အကဲခတ်ဝေဖန်လိုက်မည်ဆိုပါက ကိုယ့်အလွန်ဖြစ်နိုင်သောကြောင့် ညီမလေးကိုတော့ ဘာမှ ပြန်မပြောဖြစ်ခဲ့။

သည်ကြားထဲတွင် ကျောင်းအချိန်ပြီးလျှင် ကျူရှင်ပြေးရ၊ ကျူရှင်ပြီးပြန်လျှင် ဘာသာစကားသင်တန်းပြေးရ၊ ကွန်ပြူတာသင်တန်းပြေးရနှင့် အတော့်ကို မအားမလပ်ဖြစ်ပုံများ ညီမလေးနှင့်ပင် တစ်ပတ်နေလို့ တစ်ရက် သေသေချာချာထိုင်ပြီး စကားလက်ဆုံ မပြောနိုင်။

သည်လိုနှင့် စာမေးပွဲတွေပြီးသွားလို့ နွေရာသီကျောင်းပိတ်ရက်များသို့အရောက်တွင် သက်ပြင်းကြီးချမယ်ကြံခါရှိသေး ညီမလေးကိုကြည့်ရသည်မှာ အရင်ကနှင့် မတူ။ တငူငူ တငိုင်ငိုင်နှင့် မျက်နှာလေးပင် ချောင်ကျသွားသည်ထင်။

“ညီမလေး နေမကောင်းဘူးလား”

မှေးနေသော ညီမလေး နှဖူးပေါ်လက်တင်ရင်း

“ကိုယ်လည်း မပူပါဘူး”

“မမ”

“ဟင်”

“… …”

“ပြောလေ ညီမလေး”

“မမ သိရင် ညီမလေးကို စိတ်ဆိုးမှာ”

“ဟိုတစ်ခါ မိတ်ဆက်ပေးဖူးတဲ့ ကောင်လေးနဲ့ ချစ်သူတွေ ဖြစ်သွားကြပြီ ဆိုပါတော့”

“… …”

“မိဘတွေ သိပြီးပြီလား”

“ဟင် … မမကလည်း ဘယ်လိုလုပ်ပြောရမှာလဲ .. ဒယ်ဒီသိရင် မိုးမီးလောင်မှာ .. အဲ မဟုတ်ဘူး .. ညီမလေး မီးလောင်မှာ”

ငိုမဲ့မဲ့မျက်နှာကလေးနှင့် ဆိုလာသော ညီမလေးမျက်နှာလေးကို စိတ်ထဲတွင်နှမြောတသနှင့်သာ ငေးကြည့်နေခဲ့မိသည်။ ပီဘိအပြစ်ကင်းစင်လှသည့် ဖြူဖြူစင်စင် မျက်နှာကလေးသည် ယခုတော့ မပွင့်တပွင့်ပွင့်လွှာလေးတွေ အတင်းပွင့်ဖို့ကြိုးစားရင်း ညိုးနွမ်းနေရသည့်အသွင်။ နောင်တစ်ချိန်မှာ ပြန်မရနိုင်တော့မယ့် နုနယ်ပျိုမျစ် ငယ်သွေးလေးတွေကို ဘာလို့များ ကိုယ်မသိနိုင်သေးတဲ့ အရာတစ်ခုအတွက် အတားအဆီးမရှိ စတေးပစ်ချင်နေရတာလဲ ညီမလေးရယ်။

“ညီမလေး သူနဲ့အရမ်းတွေ့ချင်တာပဲ မမ”

“ခုမှ ကျောင်းစပိတ်တယ် ညီမလေးရယ် .. မတွေ့ရတာ ဘယ်လောက်ကြာနေဦးမှာ မို့လို့လဲ”

“ကြာပြီ မမရဲ့ … သူ ညီမလေးကို ရှောင်နေတယ်လေ”

“ဘယ်လို”

“ဟုတ်တယ် … သူ ညီမလေးကို မတွေ့ချင်တော့ဘူး ထင်တယ် မမရယ်

ညီမလေးက သူထင်သလောက် သူ့ကို မချစ်ဘူးလို့ ပြောပြောပြီး

အခုတော့ တမင်မတွေ့အောင်ကို ရှောင်နေတယ်လေ”

“ဘာ့ကြောင့် သူက အဲ့လိုပြောရတာလဲ”

“… …”

“ပြောလေ”

“ညီမလေးကို သူ့မွေးနေ့မှာ သူ့အိမ်ကိုလိုက်ဖို့ဖိတ်ခဲ့တယ်

ဒါပေမဲ့ သူဖိတ်တာ ညီမလေးတစ်ယောက်တည်းမှန်းသိတော့

မလိုက်ချင်လို့ ငြင်းမိခဲ့တယ် … အဲ့အချိန်ကစပြီး စကားပြောရင်လည်း

မခံချင်အောင်ပြောလာတာတွေက များလာတယ်

ညီမလေးလေ သူ့ကိုချစ်လွန်းလို့ သည်းခံပါတယ် မမရယ်

ဒါပေမဲ့ တစ်ခုခုဆို သူက အဲ့အကြောင်းကိုပဲ မဲပြီးတော့ သူ့ကိုမယုံကြည်ရင်

ဘာလို့ချစ်နေသေးလဲ ဆိုပြီးရန်ရှာတတ်လာတယ်

နောက်ပိုင်း ညီမလေးကို မတွေ့အောင်ကို ရှောင်နေတော့တာပဲ

ကျောင်းပိတ်ခါနည်း နှုတ်ဆက်ပွဲလေးကိုတောင် မလာခဲ့ဘူးလေ

သူ့ကို အရမ်းတွေ့ချင်တာပဲ မမရယ်”

ငိုသံတစ်ဝက်နှင့် ပြောလာသော ညီမလေးစကားများအကြားတွင် ကိုယ်တိုင်ပင် မျက်ရည်ဝဲမိသည်။

“သိပ်လည်း ၀မ်းနည်းမနေပါနဲ့ ညီမလေးရယ် … ကိုယ့်ဘက်က အမှားမှ မဟုတ်တာ ..

ညီမလေးတို့က အရမ်းငယ်သေးတယ် ..

တစ်ခုခုဆိုရင် သူ့ဘက်ကိုယ့်ဘက် မျှမျှတတတွေးပြီး ဖြေရှင်းနိုင်ကြဦးမှာ မဟုတ်ဘူး ..

ကိုယ်လိုချင်တဲ့ အနေအထားကိုပဲ ဦးစားပေး ဆုံးဖြတ်နေမယ်ဆိုရင် ဒီလိုပဲ စိတ်ဆင်းရဲမှုမျိုးတွေနဲ့ပဲ ကြုံနေဦးမှာပဲ ..

ဒါနဲ့ သူက ဘယ်မှာနေတာလဲ”

“သူက တောင်ကြီးကတဲ့ မမ .. အခု သူ့ဦးလေးအိမ်မှာ လာနေရင်း ကျောင်းတက်နေတာလေ .. တာမွေဘက်မှာ နေတယ်လို့တော့ပြောတယ်”

“ဟင် … အိမ်လိပ်စာတောင် အတိအကျမသိဘူးလား”

“ညီမလေးမှ မရောက်ဖူးတာလို့ .. သူကတော့ ခေါ်ပါတယ် .. ဒါပေမဲ့ ညီမလေး တစ်ယောက်တည်း ဘယ်လိုလုပ်လိုက်သွားရမှာလဲ”

“မမ ပြောတာ အဲ့လိုသဘောမျိုးမဟုတ်ဘူးလေ .. မရောက်ဖူးသည့်တိုင် လိပ်စာကိုတော့ အတိအကျသိနေရမှာပေါ့ .. ချစ်သူတွေဖြစ်နေကြပြီပဲဟာ .. ညီမလေး အိမ်ကိုရော သူက မသိဘူးလား”

“သိတယ်လေ မမ .. မမနဲ့ မိတ်ဆက်ပေးတဲ့နေ့တုန်းက သူနောက်က လိုက်လာတယ်လေ”

“ညီမလေးကလည်း လိုတယ် .. ကိုယ့်ချစ်သူ အိမ်လိပ်စာကိုတောင် မသိရဘူးလို့”

“ဒါကတော့ မမကလည်း ညီမလေးတို့က ကျောင်းမှာရော၊ ကျူရှင်မှာရော၊ သင်တန်းမှာရော အချိန်တိုင်းလို တွေ့နေကြတော့ အိမ်ကို မမေးကြည့်ဖူးဘူးပေါ့”

“အဲ့ဒါပြောတာပေါ့ .. ကျောင်း၊ ကျူရှင်၊ သင်တန်းမှာ အချိန်ပြည့်တွေ့ရရုံနဲ့ အလွယ်တကူယုံပြီး ချစ်သူထားလိုက်တာပဲလား .. ယုတ်စွအဆုံး ဟိုဘက်က လူပျိုလူလွတ်မဟုတ်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ”

“ဟာ … မမကလည်း အိမ်ထောင်ရှိပြီးသားလူတစ်ယောက်က ဘယ်လိုလုပ် အချိန်ပြည့် ကျောင်းတက်နိုင်မှာလဲလို့”

“ဒါက ဘယ်ပြောလို့ရမလဲ .. ခုခေတ်မှာက ငယ်ငယ်ရွယ်ရွယ်နဲ့ သိပ်သိ၊ သိပ်တတ်၊ သိပ်တော်နေကြတာလေ .. အထူးသဖြင့် ရည်းစားဘယ်လိုထားရမယ်၊ အိမ်ထောင်ဘယ်လိုပြုရမလဲဆိုတဲ့ နေရာတွေမှာပေါ့ .. ကဲ … ထားပါလေ .. မမလိုရင်းက အဲ့ဒါမဟုတ်ဘူး .. နေရပ်လိပ်စာလည်း မသိ၊ နောက်ကြောင်းလည်း တိတိကျကျ မသိတဲ့ လူတစ်ယောက်ကို ညီမလေးက ယုံယုံကြည်ကြည် ချစ်ပြလိုက်တာကို အံ့သြတာ”

“မမကလည်း ဒါကတော့ … …”

“အချစ်မှာ မျက်စိမပါဘူး … အချစ်မှာ ဂုဏ်တွေပကာသနတွေ မလိုဘူး … အချစ်ဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက်ချစ်နေဖို့ပဲလိုတယ် … အချစ်မှာ ယုံကြည်မှုကသာအဓိက ဆိုတဲ့ အချစ်ဂုဏ်ပုဒ်တွေကို ၀တ္ထုတွေထဲကလို ထုတ်နှုတ်ပြသဦးမလို့လား”

“ဟင် … မမကလည်း ရည်းစားသာမထားတယ် ဒါတွေကျတော့ သိသားပဲ”

“သိဆို ဒါပြီးဒါပြန်နေတာကိုးး .. မမကတော့ အဲ့လိုစာသားအဖွဲ့အနွဲ့တွေကို လေ့လာသင်ကြား အားကျပြီး အတုယူတာမျိုးကို အားမပေးချင်ဘူး .. ပန်းဆိုတာ အချိန်တန်ရင် ပွင့်လွှာလေးတွေ သူ့အလိုလိုပွင့်လာတဲ့ သဘောပါ ညီမလေးရယ် .. အချိန်မတန်ခင်မှာ ကိုယ်ကသွားဆွဲဖွင့်မိလိုက်ရင် မဝေဆာလာနိုင်ဘဲ ခြွေသလိုဖြစ်သွားနိုင်တယ် .. ညီမလေးရဲ့ နှလုံးသားထဲမှာလည်း ပွင့်လွှာလေးတွေ အချိန်တန်ရင် ဝေလာကြမှာပါ .. သူ့အလိုလိုဝေလာကြစမ်းပါစေ ညီမလေးရယ် .. ဝေပြီလား ဝေပြီလားဆိုတဲ့အသိနဲ့ အတင်းမဝေခိုင်းမိစေနဲ့ .. မမပြောတာ သဘောပေါက်တယ်နော်”

အင်းမလုပ် အဲမလုပ်နှင့် တိတ်ဆိတ် ညှိုးငယ်နေသော ညီမလေးမျက်နှာလေးကို ကြည့်ရသည်မှာ မိုးစင်စင်လင်းလို့မှ ထွက်ပေါ်မလာနိုင်သည့် နေတစ်စင်းအလား မ၀င်းဝါနိုင် မတောက်ပနိုင်။ အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိဆိုပေမဲ့ လူဆိုတာ အိုးတွေကြိုးတွေလို အသိဥာဏ်မရှိတဲ့ သက်မဲ့တွေမှမဟုတ်တာဘဲလေ။ ရုန်းထွက်ပြလိုက်စမ်းပါ ညီမလေးရယ်။ အချိန်တွေရှိပါသေးတယ်။

နှစ်ဟောင်းကုန်ကာ နှစ်သစ်ကူးသည့် အထိမ်းအမှတ်နှင့် ဝေဆာနေလိုက်ကြသည့် ပိတောက်ပန်းလေးတွေ လှလိုက်ကြပါဘိ၊ မွှေးလိုက်ကြပါဘိ။ ပန်းလေးတွေတောင် သူ့အချိန်သူ့အခါမှာ ရွေးပြီး ဝေတတ်ကြတယ်နော်။ ညီမလေး နှလုံးသားထဲက ပွင့်လွှာလေးတွေလည်း သူ့အချိန်သူ့အခါမှ ပွင့်လန်းလာနိုင်ကြမယ်ဆိုရင် ဘယ်လောက်တောင် လှပနေကြလိမ့်မလဲ။

မနက်စောစောစီးစီး ဘဲလ်သံကြားလိုက်သည်နှင့် ညီမလေးမျက်နှာကို ပြေးမြင်ယောင်မိကာ အိပ်ခန်းထဲမှ အပြေးတပိုင်းနှင့် ထွက်လာခဲ့သည်။ ဟော … ပိတောက်ပန်းတွေနှင့် အလှချင်းပြိုင်နေသည့် ကောင်မလေးတစ်ယောက် ပန်းဝါ၀ါလေးတွေကြား ဖြူဖြူဖွေးဖွေး သွားလေးတွေပေါ်နေအောင် ပြုံးလို့။ ပိတောက်ပန်းတွေပင် သက်ရှိဖြစ်ပါက မနာလိုချင်စရာ။

“Happy Birthday မမ .. မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင် ညီမလေးနဲ့ အတူမခွဲ အိုအောင် မင်းအောင် အဲ … အဲ”

“ဟဟားးး ညီမလေးကတော့ လုပ်တော့မယ် .. ကဲပါ မမပဲဖြည့်ပေးလိုက်တော့မယ် အတူမခွဲ အစဉ်မြဲ ချစ်ကြည်စွာ နေနိုင်ကြပါစေသတည်း … …”

“သမီးငယ်က ဘယ်သွားမလို့ ဒီလောက်အလှတွေပြင်ထားတာလဲ”

မေမေ့အမေးကို ညီမလေးက ပြန်မဖြေသေးဘဲ ဟိုငေးသည်ငေးလုပ်နေသေးသည်။ ခဏလောက်ကြာမှ

“သမီး သူငယ်ချင်းလေ သူ့အိမ်မှာ မုန့်လုံးရေပေါ်လာစားပါဆိုလို့ မမကို လာခေါ်တာ”

“အမလေး အိပ်ပုတ်ကလေးက စောစောစီးစီး ၀ီရိယတယ်ကောင်းလို့ မဟုတ်မှလွဲရော ချစ်သူတွေဘာတွေနဲ့များ ချိန်းထားသေးလား”

“မဟုတ်ပါဘူး အန်တီရဲ့ .. အဲ့ကနေအပြန် မမနဲ့ ကန်ဘောင်ပေါ်သွားချင်သေးလို့ပါ အပြန်နောက်ကျမှာစိုးလို့ စောစောထွက်လာတာလေ”

“သမီးကသာ စောစောထွက်လာတာ သမီးမမကဖြင့် ခုမှနိုးတယ်”

“ဟုတ်သားပဲ မမကလည်း အိပ်ပုတ်ကြီးပါ့”

“အမလေးနော် တစ်ရက်ကလေး စောထပြီးတော့များ သူကပဲ လူကိုပြန်ပြောရတယ်ရှိသေး”

“ကဲပါ မမရယ် နောက်မှရန်တွေ့ နော် … ခုတော့ ရေချိုး၊ အလှပြင်လိုက်ဦး .. ဒါမှ ငါ့မမ ချစ်သူမြန်မြန်ရမှာ အဟိဟိ”

မေမေ မကြားအောင်ပြောရင်း လက်ဝါးကလေးနှင့်အုပ်ကာ ရယ်နေသေးသည်။ အားလုံးပြင်ဆင်အပြီး အောက်ထပ်ဆင်းလာသောအချိန်

“သမီးတို့ ပျော်ကြတာလည်း ပျော်ကြပေါ့ .. ဒါပေမဲ့ စည်းကမ်းအပြင်ရောက်လောက်အောင်တော့ မပျော်မိကြစေနဲ့ .. ဆယ်ကျော်သက်ဆိုတဲ့ အချိန်ပိုင်းလေးဟာ နောင်တစ်ချိန်မှာ သမီးတို့ ပြန်ပြီး လွမ်းတသသဖြစ်နေရမဲ့အချိန်လေး .. ဒီလိုအချိန်မှာ အပျော်မမှားမိကြဖို့ဆိုတာ အရေးကြီးဆုံးပဲ .. သွားတာလာတာလည်း သူ့အချိန်နဲ့သူသွားလာ .. ဘာအကြောင်းကိစ္စမှမရှိဘဲ အပျော်အပါးတစ်ခုအတွက် ညဥ့်နက်အောင် အပြင်မှာနေတာ လူ့စည်းကမ်း မဟုတ်ဘူးကွဲ့ .. ဘယ်အချိန်ပြန်လာရမလဲ ဆိုတာတော့ မေမေ ထပ်မှာနေစရာမလိုတော့ပါဘူးနော်”

မေမေ့အမှာစကားများအဆုံး

“ဟုတ်ကဲ့ မေမေ”

“ဟုတ်ကဲ့ အန်တီ”

သံပြိုင်ပြောရင်းနှင့် ထွက်လာခဲ့ကြလေသည်။

“မမ ညီမလေးသူငယ်ချင်း အိမ်ကအပြန် ကန်ဘောင်ပေါ် သွားကြမယ်နော် .. အဲ့နေရာလေးကို ညီမလေးတော့ အရမ်းကြိုက်တယ် .. လေကို လွတ်လွတ်လပ်လပ် ရှုရှိုက်ခွင့်ရသွားသလိုပဲ”

“အလိုလေးနော် ပြောပုံက အခုကျတော့ လေရှုရတာတောင် မလွတ်လပ်ဘူး ဆိုပါတော့”

“ဟဟားးး မဟုတ်ပါဘူး မမရဲ့ .. ညီမလေး စိတ်ထဲမှာ အဲ့နေရာလေးက သာသာယာယာရှိနေသလားလို့ပါ .. အဲ့ဒီ့ကိုရောက်နေတဲ့ အချိန်တွေမှာဆိုရင်လေ ဖြစ်နိုင်ရင် အိမ်ကိုတောင် မပြန်ချင်တော့ဘူး သိလား”

“အမလေး အိမ်ကိုမပြန်ဘဲနဲ့တော့ မနေလိုက်ပါနဲ့ .. အဲ့လောက်တောင် ကြိုက်နေရင်လည်း အင်းလျားကန်ဘောင်ကြီးကို ညီမလေးတို့ အိမ်နားမှာ ရွှေ့ထားကြတာပေါ့ ညီမလေးရယ်”

“ဟင် … မမကလည်း အဲ့နားကို ပြောင်းနေကြမယ်လို့ ပြောတာ မဟုတ်ဘူး .. ဒါပေမဲ့ ဒယ်ဒီကတော့ သဘောတူမယ်မထင်ဘူး နော်”

“သိတယ်လေ … သိလို့ကို တမင်ပြောနေတာကို”

“ညီမလေးတို့ ကျောင်းတွေပြန်မဖွင့်ခင် ဒယ်ဒီတို့ကိုပူဆာပြီး ချောင်းသာသွားရအောင် နော် မမ”

“ချောင်းသာပဲလား ငပလီတို့ ငွေဆောင်တို့ရော မသွားချင်ဘူးလား”

ရွဲ့ပြောလိုက်မှန်းသိသဖြင့်

“ဟာကွာ မမကလည်း ညီမလေးက ပင်လယ်ကမ်းခြေဘက်တွေ မရောက်ဖူးလို့ပါ .. ပြီးတော့ အင်းလျားကန်ဘောင်လိုနေရာမျိုးမှာတောင် လေကို လွတ်လွတ်လပ်လပ်ရှုနိုင်တယ်ဆိုတော့ အဲ့မှာဆို ဘယ်လောက်တောင် အသက်ရှုလို့ကောင်းလိမ့်မလဲနော်”

“ဟုတ်ကဲ့ပါရှင် .. လူကြီးတွေကိုပြောကြည့်ကြတာပေါ့ နော်”

“ဒါမှ ငါ့ မမကွ ရအောင်ပြောကြမယ်နော် မမ .. ဟိုရောက်ရင် ခရုတွေလိုက်ကောက်မယ် ပြီးရင် အရှင်လတ်လတ်ကြီးတွေ မမကို ဆွဲပေးမယ် အဟိဟိ”

“အမလေး ကြက်သီးထစရာကြီး … ဘာတွေပြောနေမှန်းမသိဘူး”

“ဟဟားး ချစ်လို့စတာပါ မမရ … သြော် မမကို မွေးနေ့လက်ဆောင် မပေးရသေးဘူး”

“အံမယ် ထူးထူးဆန်းဆန်း”

“မမကို Kiss ပေးရမယ် .. ဟုတ်တယ် ဘယ်သူမှ မပေးခင် ညီမလေးက ဦးဦးဖျားဖျားပေးထားရမယ်”

“အမလေးနော် သူပဲ ငယ်ငယ်လေးကတည်းက တရွှတ်ရွှတ်နမ်းနေပြီးတော့များ”

“အဟဲ မတူဘူးလေ မမရဲ့”

“ဟုတ်ပါပြီရှင် အခုတော့ မမကို သည်းနေဦးပေါ့နော် .. နောက်တော့လည်း ထားခဲ့ဦးပေါ့”

“ဟင် မမကို ဘာလို့ထားခဲ့ရမှာလဲ .. ညီမလေးက မမနဲ့ပဲ နေမှာ”

“အမလေး ဘာတွေ ဒီလောက်သဘောတွေ့နေလဲ မသိပါဘူးနော်”

“သဘောတွေ့ဆို အိမ်ပြန်ရင် လက်ဆောင်ရတော့မှာကိုးးးလို့”

“သိသားပဲ မမမွေးနေ့တိုင်း ပေးနေကျကို ဒီနေ့မှ သည်းပြနေလိုက်တာ”

“ဒါမှ မမကသဘောကောင်းပြီး ညီမလေးကြိုက်တာ လိုက်ဝယ်ပေးမှာပေါ့လို့”

“သြော် … တော်တော့်ကိုချစ်ဖို့ကောင်းတဲ့ ညီမလေးပါလားနော် .. လက်စသတ်တော့ လက်ဆောင်လိုချင်လို့ သည်းပြနေတာကိုး”

“ဟိဟိ”

ခုလိုကျပြန်တော့လည်း ညီမလေးမျက်နှာမှာ လပြည့်ညတွင် မြင်ရပါသော ဖြူစင်ရှင်းသန့်စွာ ဝေဆာပွင့်လန်းနေသည့် စံပယ်ပွင့်လေးသကဲ့သို့ … …

ညီမလေးသူငယ်ချင်းအိမ်ထဲအ၀င် မျက်နှာချင်းဆိုင် တွေ့လိုက်ရသူမှာ ညီမလေးချစ်သူကောင်လေး။ သူ့ဘေးတွင်လည်း ကောင်မလေးတစ်ယောက်။ အမှတ်မထင်တွေ့ရသည့် မျက်နှာအမူအရာနှင့် ပြုံးပြရင်း ပြန်လိုက်ပါဦးမယ် ဆိုသော စကားများအကြားတွင် ညီမလေးမျက်နှာမှာ သိသိသာသာ ဖြူဖတ်နေခဲ့လေခြင်း။ ထို့နောက် တိုးတိုးလေးထွက်လာတဲ့ ညီမလေးရဲ့ ရှိုက်သံသဲ့သဲ့ … လက်ဖျားများမှာလည်း အေးစက်တုန်ရီလျှက် … ဆုပ်ကိုင်ထားသည့် မမလက်များကိုပင် ရုန်းထွက်ကာ ပြေးထွက်သွားခဲ့သော ညီမလေး … … ပြီးတော့ … ပြီးတော့ … ရုပ်ပုံလွှာတွေက မသဲကွဲတော့ ဦးခေါင်းထဲတွင် မိုက်ကနဲ မူးဝေလာကာ ညီမလေး၏ နောက်ဆုံးပုံရိပ်လေးသည်ပင် တဖြည်းဖြည်းနှင့်ေ၀၀ါးသွားခဲ့ရလေသည်။ ညီမလေးလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်မထားမိခဲ့တဲ့ မမရဲ့အမှားပါ ညီမလေးရယ်။ ညီမလေး လက်ကလေးတွေကိုသာ မလွှတ်ပေးမိလိုက်ခဲ့ဘူးဆိုရင် … … … …

ပုံရိပ်တွေက ၀ိုးတိုးဝါးတားနှင့် ကိုက်ခဲနေသည့် ဦးခေါင်းထဲတွင် ပြေးလွှားနေကြသည်မှာ ညီမလေးကို ဆုံးရှုံးလိုက်ရသော ဝေဒနာနှင့် မည်ကဲ့သို့မျှ မနှိုင်းယှဉ်နိုင်သော်လည်း ထိုနေ့မှ အဖြစ်ပျက်များကို အသိဥာဏ်ထဲတွင်မူ နာကျဉ်မှုများနှင့်အတူ မည်သို့မျှ လက်မခံနိုင်။ ထိုနေ့က မရောက်ဖြစ်ခဲ့သည့် အင်းလျားကန်ဘောင်ပေါ်တွင် အခုတော့ ညီမလေးနှင့် အတူတူပေါ့။ ညီမလေးရယ် ဒီတစ်ခါတော့ လွတ်လွတ်လပ်လပ်နဲ့ အသက်၀၀ရှုနိုင်ပြီပေါ့နော် … မမကို နောက်ဆုံးအနေနဲ့ ဆုပ်ကိုင်ထားခွင့်လေးတော့ပေးပါဦး ညီမလေးရယ် … တစ်ကိုယ်တည်း ညည်းတွားနေမိနေရင်း … လက်ထဲတွင် မလဲ့သွယ်ခိုင်၊ အသက် (၁၈)နှစ် အဖြူရောင် စာရွက်ပိုင်းကလေးကို တင်းကျပ်စွာဆုပ်ကိုင်ထားလျှက် … … … ။                   ။

အချစ်တွင် အခြေအနေ၊ အချိန်အခါ မရှိဟုဆိုပါလျှင် မချစ်သင့်သော လူတစ်ယောက်ကို မချစ်သင့်သည့် အရွယ်တွင် ချစ်မိပါက မှန်ပါမည်လား။ ညီမလေး ပေးဆပ်သွားသည့် ဘ၀သည် အချစ်အတွက်ပါဟု ဖြောင့်ချက်ချမည်ဆိုလျှင် မှန်နိုင်ပါသလား။ ကိုယ်တိုင် မဝေခွဲနိုင်သေးတဲ့ ခံစားချက်နောက်ကိုလိုက်ရင်း အချစ်ဆိုသည့် ခေါင်းစဉ်အောက်တွင် အရောက်မှားခဲ့လေသည်လား။ အချစ်ဆိုသည် အကောင်း၊ အဆိုး မသိသေးခင် ဘ၀တစ်ခုလုံးကို အချစ်အောက် ပုံအောပေးပစ်လိုက်ရသည်မှာ ထိုက်တန်ပါရဲ့လား။

အဝေစောခဲ့တဲ့ ပွင့်လွှာလေးတွေလို အကြွေစောခဲ့ကြရသည်လား။ ဤသို့ဆိုလျှင် ဘ၀ဆက်တိုင်း ဆက်တိုင်းမှာ ညီမလေးနှလုံးသားထဲမှ ပွင့်လွှာလေးတွေ အချိန်တန် ရာသီမှန်မှသာလျှင် အလှပဆုံး ဖူးပွင့်ဝေဆာလာနိုင်ကြပါစေလို့ မမဆုတောင်းပေးလိုက်ပါတယ်ကွယ်။

မေခက်ဆူး

30/07/2011

(3:30PM)